ရန်ကုန်   ဇန်နဝါရီ  ၁၆

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၀၃) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာ နုဂ္ဂဟ စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်အောင်မြေရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။

 

ရှေးဦးစွာ ရွှေတိဂုံစေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း စုရပ်မှ (၁၀၃) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မနုဂ္ဂဟ စာလျှောက်မေးပွဲကြီးတွင် ဖြေဆိုအောင်မြင်တော်မူကြသည့် သံဃာတော်များအား ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အကျိုးတော်ဆောင်များ၊ အလှူရှင်များနှင့် သံဃာတော်များ၏ ဆွေတော်မျိုးတော်များက ရွှေတိဂုံစေတီတော် ရင်ပြင်၌လှည့်လည်ပူဇော်ကြသည်။

 

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ညောင်တုန်းပါဋ္ဌိတက္ကသိုလ် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပဝရာ ဘိဝံသထံမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ စေတိယင်္ဂဏ စာအောင်ဆုနှင်းသဘင် ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးဌေးလှိုင်က ပူဇော်ပွဲကျင်းပရခြင်းအကြောင်း ဂုဏပူဇာမင်္ဂလာ လျှောက်ထားလွှာကို ဖတ်ကြား လျှောက်ထားသည်။

 

ထိုနောက် (၁၀၃) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာ နုဂ္ဂဟ စာလျှောက်မေးပွဲတွင် သီးခြား စာချတန်းအောင် သံဃာတော် သုံးပါးဖြစ်သည့် အောင်စဉ် (၁) မန္တလေး တိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဓမ္မဒါယာဒကျောင်း၊ မစိုးရိမ်တိုက်သစ်မှ အရှင် ဝါယာမိန္ဒာလင်္ကာရာဘိဝံသ၊ အောင်စဉ် (၂) မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်၊ အောင်ချမ်းသာပရိယတ္တိစာသင်တိုက်မှ အရှင်ပညာသာရာလင်္ကာရာဘိဝံသနှင့်  အောင်စဉ် (၃) မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မနောရထပူရဏီမြစကြာ တောရကျောင်းမှ အရှင်အဂ္ဂဉာဏ လင်္ကာရာဘိဝံသတို့အား “ စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယ ဂဏဝါစကဘွဲ့ ”ကိုလည်းကောင်း၊ သီးခြားစာ သင်တန်းအောင် သံဃာတော် နှစ်ပါးဖြစ်သည့် အောင်စဉ် (၁) မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အောင်ချမ်းသာပရိယတ္တိစာသင်တိုက်မှ အရှင် ကောသလ္လာလင်္ကာရနှင့် အောင်စဉ်(၂) မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အောင်ချမ်းသာပရိယတ္တိစာသင်တိုက်မှ အရှင်ကေတုဝံသလင်္ကာရတို့အား “ စေတိယင်္ဂဏ အဘိဝံသဘွဲ့ကို” လည်းကောင်း ဂေါပကအဖွဲ့ဝင်များက ဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်နှင့် နဝကမ္မချီးမြှင့်ပူဇော် ငွေတို့ကို ဆက်ကပ်ကြသည်။

 

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ စေတိယင်္ဂဏနာယက ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် စာထောက်စာမ ဆရာတော်များအား သာသနာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်း၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦး၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း ကြသည်။

 

ထို့နောက် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ (ဝဋံသကာ)ပါဋ္ဌိပါရဂူ၊ စေတိယင်္ဂဏ ပဝရသိရီ မဟာဓမ္မဂုရု ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ) ဆရာတော်ထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားနာကြား၍ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယက ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဂေါပက အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

 

စေတိယင်္ဂဏအသင်းကြီးသည် ၁၉၁၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ကို အမှီပြုလျှက် ပရိယတ္တိစာမေးပွဲကျင်းပကာ စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲများ ကျင်းပဆောင်ရွက်ခဲ့ပြီး ၁၉၈၄ခုနှစ်မှ ယခု ၂၀၂၁ ခုနှစ်ထိ ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့က အစဉ်လာကောင်းများကို ကုသိုလ်ဆက်ကာ ကြိုးပမ်းပူဇော်လျက်ရှိရာ (၁၀၃) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မနုဂ္ဂဟစာအောင် ဆုနှင်းသဘင်ပွဲ အခမ်းအနားတွင်လည်း နဝကမ္မချီးမြှင့် ပူဇော်ငွေအဖြစ် သီးခြားစာချတန်းတွင် အောင်စဉ်(၁) သံဃာတော်အား နဝကမ္မအလှူတော်ငွေကျပ် ၃၅ သိန်း၊ အောင်စဉ်(၂) သံဃာတော်အား နဝကမ္မ အလှူတော်ငွေကျပ် ၃၃ သိန်း၊ အောင်စဉ်(၃) သံဃာတော်အား နဝကမ္မ အလှူတော်ငွေကျပ် ၃၁ သိန်းနှင့် သီးခြားစာသင်တန်းတွင် အောင်စဉ်(၁) သံဃာတော်အား နဝကမ္မအလှူတော်ငွေကျပ်သိန်း ၃၀ ၊ အောင်စဉ်(၂) သံဃာတော်အား နဝကမ္မ အလှူတော်ငွေကျပ် ၂၉ သိန်း စုစုပေါင်း လှူဒါန်းငွေကျပ် ၁၅၈ သိန်းတိတိအား လှူဒါန်းချီး မြှောက်ခဲ့ကြောင်း သိရသည်။

 

 

သတင်း-ကိုကိုဇော်

ဓာတ်ပုံ-လတ်လတ်(MNA)