လဟယ် ဇန်နဝါရီ ၁၇
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးသင်တန်းနှင့် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက လဟယ်မြို့ မာလာတောင်အားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ နာဂဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ကြည်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ နာဂရိုးရာယဉ်ကျေးမှု ကော်မတီအတွင်းရေးမှူး ဦးမောင်ပိုင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးက တက်ရောက်လာသော တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များကို ပေးအပ်ပြီး တောင်သူများ၏ N.B.A.D.P နည်းပညာဖြင့် စိုက်ပျိုးထားသော နှစ်ရှည်ပင်စိုက်ခင်းသို့ သွားရောက်ကြည့်ရှုခဲ့ကာ N.B.A.D.P နှစ်ရှည်ပင်စိုက်ခင်း တောင်သူ ဦးဟောင်ဘီးစိုက်ခင်းတွင် နည်းပညာပေးကွင်းသရုပ်ပြပွဲကို ကျင်းပသည်။
အခမ်းအနားသို့ နာဂဒေသ၊ ဒေသစီမံအုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ကြည်ဝင်း၊ လဟယ်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့် ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။
မွှေးကြူဇင်


