မိတ္ထီလာ၊ ဇန်နဝါရီ ၁၇
မိတ္ထီလာခရိုင်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆောင်းသီးနှံဖြစ်သည့် ဆောင်းကုလားပဲ စိုက်ဧက ၄၃၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ ကျေးလက်နေတောင်သူများ ဆောင်းသီးနှံကုလားပဲကို မိုးသီးနှံများ သိမ်းဆည်းပြီးချိန် စီးပွားဖြစ် စိုက်ပျိုးလာလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆောင်းသီးနှံဖြစ်သည့် ဆောင်းကုလားပဲကို အောက်တိုဘာလ ပထမအပတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိရာ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်တွင် ဆောင်းကုလာပဲစိုက်ဧက ၂၅၈၂ ဧက၊ မလှိုင်မြို့နယ်တွင် ၁၄၂၈ ဧက၊ သာစည်မြို့နယ်တွင် ၁၈၉၅၄ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် ၂၀၇၅၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ရာ ယနေ့အထိ မိတ္ထီလာခရိုင်တွင် ဆောင်းကုလားပဲစိုက်ဧက ၄၃၇၁၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံဖြစ်သည့် ဆောင်းကုလားပဲကို မိတ္ထီလာမြို့နယ်တွင် ၂၂၃၀ ဧက၊ မလှိုင်မြို့နယ်တွင် ၁၀၆၁ ဧက၊ သာစည်မြို့နယ်တွင် ၁၉၆၅၇ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် ၂၃၀၂၆ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


