မုံရွာ ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီ ၁၆ ရက် မွန်းလွဲပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့သို့ ရောက်ရှိရာ နန်းယွန်းမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒပါလထံ လှူဖွယ်ပစ္စည်း၊ စားသောက်ဖွယ်ရာများနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော နာဂတိုင်းရင်းသားများ၊ ဌာနဆိုင်ရာများအား တွေ့ဆုံခြင်းနှင့် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ ရိုးရာဓလေ့နှင့် အထိမ်းအမှတ်ပွဲများအပေါ် အလေးအနက်ထားမှု အခြေအနေများကို ပြောကြားခဲ့သည်။
ဆက်လက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဝန်ကြီးချုပ်က ဒေသခံနာဂတိုင်းရင်းသားများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပြီး “ပန်းခင်း” စီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသော နန်းယွန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများထံ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြင့်ငွေ (၅)သိန်းအား လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၊ လဟယ်မြို့၊ လေရှီးမြို့နယ်များအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်(၅၀၀)အိတ်နှင့် ဆိုလာမီး (၂၀၀)စုံတို့အား နာဂဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းထံသို့ လည်းကောင်း ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေးရဲတပ်ဖွဲ့များအား ငွေကျပ်(၅)သိန်းအား လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက နန်းယွန်းမြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ငွေကျပ် (၅)သိန်းအား လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများနှင့် Vounteer များအတွက် ငွေကျပ်(၅)သိန်းအား လည်းကောင်း၊ လူမှုရေးဝန်ကြီး ဦးအေးလှိုင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးအပ်သည့် လဟယ်မြို့နယ်ရှိ ကျေးရွာ(၃)ရွာမှ အိမ်ထောင်စု (၂၀၂)စု၊ လူဦးရေ (၁၃၉၂)ဦးတို့အတွက် (၁)လစာ ဆန်ရိက္ခာဖိုး ငွေကျပ် ၁၂၅၂၈၀၀၀ အား လည်းကောင်း တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးဦးက နန်းယွန်းလေရှီးနှင့် လဟယ်မြို့နယ်များအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်သည့် ဆိုလာမီး (၁၀၀)စုံနှင့် ငွေကျပ် သိန်း(၁၀၀)တို့အား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး ဒေသခံ နာဂတိုင်းရင်းသူလေးများက ရိုးရာအကဖြင့် ကပြတင်ဆက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အကအဖွဲ့အား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
နန်းယွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနအနေဖြင့် “ပန်းခင်း” စီမံချက်အား ၂၀၂၁ ခုနှစ်၊ ဧပြီလမှစတင်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ နေ့အထိ (၉)လကျော်အတွင်း အသက်ပြည့်မီလာသူများကိုပါ ဆောင်ရွက်ပေးခဲ့၍ သက်မှတ်လျာထားချက်ထက် ကျော်လွန်ကာ (၁၄၃)ရာခိုင်နှုန်းထိ ပြီးစီးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နန်းယွန်းမြို့၊ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အသက် ၁၂ နှစ်အထက် ဒေသခံကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးပြီး အဆိုပါဆေးရုံဝင်းအတွင်း အောက်ဆီဂျင်စက်ရုံ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသော ဒေသခံ နာဂတိုင်းရင်းသားများအား စားသောက်ဖွယ်ရာများ ပေးအပ်၍ ဆေးရုံတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်၊ သူနာပြုများနှင့် ဝန်ထမ်းအတွက် စားသောက်ဖွယ်ရာများနှင့် ငွေကျပ် (၅)သိန်းတို့အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


