ငဖဲ ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဘိန်းစိုက်ရာသီကာလ၌ ဘိန်းစိုက်ပျိုးမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဖျက်ဆီးမှု ဆောင်ရွက်နိုင်ရန်အတွက် တောင်ပေါ်ဒေသ ကျေးရွာအုပ်စုများအတွင်းရှိ ဘိန်းစိုက်ခင်း (၂၉)ဧကကို ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက်အထိ ပူးပေါင်းစစ်ကြောင်းအဖွဲ့များက ပထမအကြိမ် သွားရောက်ဖျက်ဆီးခဲ့ကြပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဘိန်းစိုက်ခင်းများ ဖျက်ဆီးဆောင်ရွက်ရာတွင် ငဖဲမြို့နယ် ရဲတပ်ဖွဲ့မှ ဦးစီးသော ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းစစ်ကြောင်း အဖွဲ့(၁)သည် နောင်ကျေးရွာတွင် အမြင့် ၁ ပေမှ ၂ ပေခွဲ ၃ ပေထိရှိသော သီးပွင့်ဆဲ ဘိန်းခင်း(၇ ဒသမ ၅)ဧက၊ တင်ပြင်းကျေးရွာတွင် (၆)ဧက၊ ဝံကျေးရွာတွင် (၂)ဧက၊ ပဘဲကျေးရွာတွင် (၄)ဧကနှင့် အထက်ဆင်လမ်းတွင် (၂)ဧက စုစုပေါင်း (၂၁ ဒသမ ၅)ဧကကို တောတောင်များအတွင်း ဖော်ထုတ်တွေ့ရှိရ၍ ဝိုင်းဝန်းဖျက်ဆီးခဲ့ကြသည်။
အလားတူ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့် စခန်းမှူး ဦးစီးသော ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းစစ်ကြောင်း အဖွဲ့(၂)သည် ရေဖြူကျေးရွာတွင် အမြင့် ၁ ပေမှ ၂ ပေခွဲ ၃ ပေထိရှိသော သီးပွင့်ဆဲ ဘိန်းခင်း(၁ ဒသမ ၅)ဧက၊ ဘို့ကျေးရွာတွင် (၂ ဒသမ ၅)ဧကနှင့် ရှောက်ရင်းကျေးရွာတွင် (၃ ဒသမ ၅)ဧက စုစုပေါင်း (၇ ဒသမ ၅)ဧကကို တောတောင်များအတွင်း ဖော်ထုတ်တွေ့ရှိရ၍ ဝိုင်းဝန်းဖျက်ဆီးခဲ့ကြကာ ၂၀၂၂ ခုနှစ်၌ ပထမအကြိမ်အဖြစ် ဘိန်းစိုက်ခင်း (၂၉)ဧကကို ပူးပေါင်းဖျက်ဆီးပြီးစီးခဲ့ကြောင်း ငဖဲမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
မယု(ငဖဲ)


