ပင်းတယ ဇန်နဝါရီ ၁၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသော DVB T2 Set Top Box အလုံးရေ (၃၀၀) ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို  ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ပင်းတယမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ မိမိတို့ ဓနုဒေသတိုင်းရင်းသားများအတွက် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်အား နိုင်ငံတကာ သိရှိနိုင်ရန် သတင်းမှန်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးခြင်းနှင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ အသိပညာဗဟုသုတ စုံလင်သည့် ရုပ်သံလိုင်းများကို ဖမ်းယူရရှိနိုင်မည့် (DVB T2) Set Top Box   အလုံးရေ (၃၀၀) လှူဒါန်းပေးသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံးကို အထူးပင် ကျေးဇူးတင်ဂုဏ်ယူမိပါကြောင်း၊ ပြည်သူလူထုကို အသိပေးရန် (သို့) လိုက်ပါလုပ်ဆောင်စေရန် ရည်ရွယ်ချက်ဖြင့် သတင်း၊ ကြော်ငြာ၊ ကြေညာချက်များ၊ အသိပေးနှိုးဆော်ခြင်းများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဆက်စပ်သည့်လိုင်းများမှတစ်ဆင့် ဖမ်းယူရရှိနိုင်ပြီ ဖြစ်သည့်အတွက်  ဒေသခံပြည်သူလူထုများစွာအကျိုးပြုလာမှာဖြစ်ကြောင်းနှင့် လှူဒါန်းရရှိသည့် (DVB-T2) Set Top Box များအား ရပ်ကွက်/ကျေးရွာ အုပ်စုများအရောက် သက်ဆိုင်ရာမှတစ်ဆင့် ဆက်လက်ဖြန့်ဖြူး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

 

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာနမှ ပေးပို့လှူဒါန်းသည့် (DVB-T2) Set Top Box  များအား၊  ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြုပြင်ထိန်းသိမ်းရေးဇုန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဇုန်တာဝန်ခံ အင်ဂျင်နီယာမှူး ဦးမြင့်ဦးမှ ပေးအပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ လက်ခံရယူခဲ့သည်။ ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှတစ်ဆင့် ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်ရှိ ဒေသခံပြည်သူများအတွက် စက်များအား လွှဲပြောင်းပေးအပ်ရာ ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲမှ အဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းထွန်းဦးနှင့် ရွာငံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးတို့က လက်ခံရယူခဲ့ကြသည်။

 

(DVB-T2) Set Top Box များ ပေးအပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်နှင့် တပ်ဆင်အသုံးပြုပုံ နည်းစနစ်များအား ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြုပြင်ထိန်းသိမ်းရေးဇုန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဇုန်တာဝန်ခံ အင်ဂျင်နီယာမှူး ဦးမြင့်ဦးမှ ရှင်းလင်းပြောကြားခဲ့ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဒစ်ဂျစ်တယ်စနစ်ဖြင့် ထုတ်လွှင့်သည့် ထပ်ဆင့်လွှင့်ရုံ (၅)ရုံရှိကြောင်းနှင့် (DVB-T2) Set Top Box  မှ ဒစ်ဂျစ်တယ်စနစ်ဖြင့် ရုပ်သံလိုင်း (၁၈)လိုင်းမှ (၂၂)လိုင်းအထိ ဖမ်းယူရရှိနိုင်ကြောင်းနှင့် ရေဒီယိုလိုင်းများလည်း ဖမ်းယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ပင်းတယ (ဒေသ ပြန်/ဆက်)