ရန်ကုန်၊ ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမေရိကန်သံရုံးဘေးရှိ အင်းလျားကန်ရေဝင်ပေါက် ရေစစ်ကန်စပ်ရှိ မြက်ပင်၊ ချုံနွယ်များရှင်းလင်း၍ မြေယာရှုခင်းပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂) ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ ဗဟန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ ရုံးအဆောက်အဦသစ် တည်ဆောက်ပြီးစီးမှုနှင့် မြို့နယ်နေပြည်သူများအတွက် စည်ပင်သာယာဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စုဖွဲ့ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထိုမှတစ်ဆင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးဘေးရှိ ကုက္ကိုင်းရေလှောင်ကန်သို့ သွားရောက်၍ ရေလှောင်ကန်ကြံ့ခိုင်ရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ ရန်ကုန်မြို့တော်ခန်းမအတွင်း ရေဂါလန် (၁)သိန်းဆံ့ ရေစုကန် RC Ground Tank တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် အုတ်တံတိုင်းခြံစည်းရိုး၊ လမ်းနှင့် လူသွားစင်္ကြံများ ပြန်လည်ပြုလုပ် ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်သည် ရန်ကုန်မြို့တော်ခန်းမ၊ ပထမထပ် အစည်းအဝေးခန်းမ (၄)၌ ကျင်းပပြုလုပ်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်များနှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


