ဝယ်လင်တန် ဇန်နဝါရီ ၁၈

 

ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့သည် တွန်ဂါနိုင်ငံတွင် ဇန်နဝါရီ ၁၅ ရက်က ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို အကဲဖြတ်ရန်အတွက် ထောက်လှမ်းရေးလေယာဉ်ကို တွန်ဂါနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။

 

တွန်ဂါမြို့တော် နူကူလိုဖာ မြောက်ဘက် ၆၅ ကီလိုမီတာအကွာတွင် ရေအောက်မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် ဆူနာမီလှိုင်းလုံးများမှာ ၈၀ စင်တီမီတာ အမြင့်ရှိသည်ဟု သိရသည်။

 

ဆူနာမီလှိုင်းလုံးများသည် အမေရိကန် ပြည်ထောင်စု အနောက်ဘက်ကမ်းရိုးတန်းနှင့် ဂျပန် ပစိဖိတ်ကမ်းရိုးတန်းအထိ ရောက်ရှိကြောင်း သိရသည်။ ဆူနာမီ သတိပေးချက်များကို ဇန်နဝါရီ ၁၆ ရက်တွင် ရုပ်သိမ်းခဲ့ကြသည်။

 

တောင်ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သည့် တွန်ဂါနိုင်ငံ အချို့ အစိတ်အပိုင်းများတွင် အင်တာနက်ဝန်ဆောင်မှုနှင့် အခြားသော ဆက်သွယ်ရေးလိုင်းများမှာ ပြတ်တောက်ဆဲဖြစ်သည့်အတွက် ပျက်စီးဆုံးရှုံးမှုများကို အကဲဖြတ်ရန် ခက်ခဲနေသေးသည်။

 

ဇန်နဝါရီ ၁၇ ရက်တွင် ဩစတြေးလျနှင့် နယူး ဇီလန်နိုင်ငံတို့သည် တွန်ဂါနိုင်ငံရှိလမ်းများ၊ ဆိပ်ကမ်းများနှင့် အခြားသော အခြေခံအဆောက်အအုံများ မည်မျှပျက်စီးသွားသည်ကို ခြေရာခံရန်အတွက် စစ်ဘက်သုံး ထောက်လှမ်းရေး လေယာဉ်ကို စေလွှတ်ခဲ့သည်။

 

တွန်ဂါနိုင်ငံရှိ ရေအောက်ဆက်သွယ်ရေး ကေဘယ်ကြိုးများကို ပြင်ဆင်သည့် ကုမ္ပဏီမှအရာရှိ တစ်ဦးကလည်း ဆက်သွယ်ရေးလိုင်းများ ဝန်ဆောင်မှုပေးနိုင်ရန် အချိန်နှစ်ပတ်ခန့် ကြာမြင့်ဦးမည်ဟု ပြောသည်။

 

အင်န်အိတ်ချ်ကေ