မချမ်းဘော့ ဇန်နဝါရီ ၁၈
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဦးဝေယံမင်းသွင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ရန်ပုံငွေဖြင့် ရတီနန်းတော်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် မချမ်းဘော့မြို့နယ် ကောင်းမှုလုံကျေးရွာ၊ ကောင်းမှုလုံ-နမ့်ခါတိုင် ကုန်ထုတ်လမ်းဆောင်ရွက်နေမှုကို မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဦးဝေယံမင်းသွင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကုန်ထုတ်လမ်းဆောင်ရွက်နေမှုမှာ လက်ရှိတွင် လုပ်ငန်းအားလုံး၏ ရာခိုင်နှုန်း ၆၀ ခန့် ပြီးစီးနေပြီဖြစ်ပြီး အဆိုပါလမ်းဆောင်ရွက်ပြီးပါက အိမ်ခြေ ၃၆ အိမ်၊ လူဦးရေ ၂၀၄ ဦး၏ သွားလာရေးအတွက် အဆင်ပြေလွယ်ကူတော့မည် ဖြစ်သည့်အပြင် လယ်မြေဧက ၇၀ မှ ထွက်ရှိသည့် သီးနှံများ စျေးကွက်သို့ လျင်မြန်စွာ တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)


