မြန်အောင် ဇန်နဝါရီ ၁၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက်ကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတွင် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

 

ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း (၁၀၀) ထောက်ပံ့ပေးပြီး ကျေးရွာ၏ အခြေခံလိုအပ်ချက်ဖြစ်‌သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ကျေးရွာလျှပ်စစ်မီးရရှိရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများ လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က ပြောသည်။

 

ယခုဘဏ္ဍာရေးနှစ်တွင် မြန်အောင်မြို့နယ်အတွင်းရှိ စမ်း၊ ကွမ်းခြံကုန်း၊ ဘုရားကုန်း၊ စာနီစု၊ ဂုံမင်း ကျေးရွာ (၅)ရွာတွင် ဆောင်ရွက်လျက်ရှိပြီး ၎င်းကျေးရွာများမှ ကျေးရွာ၏ လိုအပ်ချက်ဖြစ်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နိုင်ငံတော်မတည်ရန်ပုံငွေ ကျပ်သိန်း (၁၀၀) နှင့် ကျေးရွာသူကျေးရွာသားများမှ ထည့်ဝင်ငွေတို့ဖြင့် သက်ဆိုင်ရာ ကျေးရွာ(၅)ရွာတွင် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအဖြစ် ချောင်းကျောက်ခင်းခြင်း လုပ်ငန်းများအား ဇန်နဝါရီ ၁ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ဝင်းဗိုလ် (မြန်အောင်)