သင်္ဃန်းကျွန်း ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား “လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၇ ရက် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ၁၆/၁ ရပ်ကွက်၊ ဓမ္မာရုံ၌ ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံးမှ လဝကမှူး ဦးရဲထွန်း၊ ဒုလဝကမှူး ဒေါ်အေးအေးထွန်းနှင့် ဝန်ထမ်းများက တိုင်းရင်းသားတိုင်း၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ ရရှိရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ဦးစားပေးအလိုက် စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ၃(က) ၁၅ ဦး၊ ၆(က) ၁၈ ဦး၊ မိတ္တူ ၁၀ ဦး စုစုပေါင်း (၄၃)ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို နေ့စဉ် အခမဲ့ပြုလုပ်ပေးလျက်ရှိပြီး မြို့နယ် လဝက ဦးစီးမှူးရုံးတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန္ဒာမိုး


