လယ်ဝေး ဇန်နဝါရီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ကို ယနေ့နံနက် ၉ နာရီက လယ်ဝေးမြို့ သီရိရတနာခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ ၁၈၅၀၇ ဦးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာပေးခြင်းများပြုလုပ်ပြီး အလှည့်ကျ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစင်တာ၊ တိုက်နယ်ဆေးရုံများ၊ ကျေးရွာကျန်းမာရေးဌာနခွဲများတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၈၆ ဒသမ ၀၉)ရာခိုင်နှုန်းကို ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း သက်ဆိုင်ရာ ဆေးထိုးစုရပ်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)


