မကွေး ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် မြို့တွင်းလမ်း (၃)လမ်းဖြစ်သည့် (အဝေရာ၊ သုခိတာ၊ ကမ်းနား)လမ်း နိုင်လွန်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် ယနေ့ နံနက် ၉ နာရီက မကွေးမြို့ တောင်တွင်းလမ်းနှင့် အဝေရာ လမ်းထောင့်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လေတပ်စခန်း ဌာနချုပ်မှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က မြို့နေ လူဦးရေ တိုးတက်လာသည်နှင့်အမျှ မြို့ဧရိယာနယ်နိမိတ်လည်း ပိုမိုကျယ်ပြန့်လာခဲ့ပြီ ဖြစ်တာကြောင့် တစ်နေရာနှင့် တစ်နေရာ၊ တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက် ကူးလူးဆက်သွယ် သွားလာနိုင်ရန်အတွက် မြို့တွင်းလမ်း ကောင်းမွန်ချောမွေ့မှုဟာလည်း အဓိကကျတဲ့အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ နိုင်လွန်ကတ္တရာလမ်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သောကြောင့် ယခုလမ်းကို အမှီပြုနေထိုင်သည့် ရဟန်းရှင်လူ၊ မြို့နေပြည်သူများ၊ ကျောင်းသား ကျောင်းသူများ စိတ်လက်ချမ်းမြေ့စွာ သွားလာနိုင်မှာ ဖြစ်ကြောင်း၊ လမ်းအင်္ဂါရပ်နှင့် မကိုက်ညီသည့် အရာများဖြစ်သော မိမိအကျိုးစီးပွားအတွက် ကျူးကျော်ထားရှိခြင်းများ မပြုလုပ်ကြစေလိုကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားရန် အထူးမှာကြားလိုကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ မကွေးမြို့ စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိက လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်းတို့က မြို့တွင်းလမ်း (၃)လမ်းဖြစ်သည့် (အဝေရာ၊ သုခိတာ၊ ကမ်းနား)လမ်း နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းဆောင်ရွက် ထားရှိမှုအား ကြည့်ရှုခဲ့ကြသည်။
အဆိုပါ မကွေးမြို့ မြို့တွင်းလမ်း (၃)လမ်းဖြစ်သည့် အဝေရာလမ်း (တောင်တွင်းလမ်းမှ မဲထီးလမ်းအထိ) (၄၇၅၇)ပေ၊ ကမ်းနားလမ်း (မဲထီးလမ်းမှ ဘုရားလမ်းဆုံထိ) (၂၀၄၇)ပေ၊ သုခိတာလမ်း (ရန်ပယ်ဈေး မြောက် ၂၄ လမ်းထိပ်မှ မဲထီးလမ်းထိ) (၃၈၀)ပေတို့အား လမ်းအကျယ် (၂၄)ပေဖြင့် ခွင့်ပြုရန်ပုံငွေ စုစုပေါင်း(၆၈၆ ဒသမ ၈၄)သန်းဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့တွင် လုပ်ငန်းပြီးစီးခဲ့ကြောင်း သိရသည်။
မောင်ညီညာ


