မုံရွာ ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးဝန်ကြီး ဦးအေးလှိုင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့၊ သာသနာပြုဇောတိက မြို့မကျောင်းတိုက်သို့ ရောက်ရှိရာ ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးမှုနှင့် ထုတ်လုပ်နေမှုနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေမှ ပံ့ပိုးမှုဖြင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းတွင် တည်ဆောက်လျက်ရှိသော အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ ထမင်းစားဆောင် အဆောက်အဦ တည်ဆောက်နေမှုနှင့် နာဂစာပေနှင့် ယဉ်ကျေးမှုအသင်း ရိုးရာကွင်းအုတ်တံတိုင်း ကာရန်နေမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသော ဌာနဆိုင်ရာများအား တွေ့ဆုံခြင်းနှင့် “ပန်းခင်း” စီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး စီမံချက်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသော ဟုမ္မလင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးထံ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် နာဂတိုင်းရင်းသားများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည်။
ထို့နောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ရှမ်းတိုင်းရင်းသားများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ဗမာတိုင်းရင်းသားများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ချင်းတိုင်းရင်းသားများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လည်းကောင်း၊ လူမှုရေးဝန်ကြီး ဦးအေးလှိုင်က ဒေသခံပြည်သူများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမအတွင်း ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တမူးမြို့သို့ ရောက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ မိမိတိုတာဝန်ယူဆောင်ရွက်နေသော ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားပြီး တမူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ငွေကျပ် ၅ သိန်းနှင့် စားသောက်ဖွယ်ရာများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ ပေးအပ်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအတွက် ငွေကျပ် ၅ သိန်းအား မြို့နယ်ရဲမှူးထံ ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် တမူးမြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ကျင်းပသော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် တမူးမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ အောက်ဆီဂျင်စက်ရုံ ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် လူနာများအတွက် စားသောက်ဖွယ်ရာများနှင့် ငွေကျပ် ၅ သိန်းအား ဆေးရုံအုပ်ကြီးထံ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


