နေပြည်တော် ဇန်နဝါရီ ၁၈

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်း တို့နှင့်အတူ ဇန်နဝါရီ(၁၆)ရက် နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့နယ်ရှိ မင်းရွာရာဘာခြံ၌ ရာဘာပင်များ စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခရမ့်ရာဘာစက်ရုံသို့ ရောက်ရှိပြီး ရာဘာထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်မှုဝန်ကြီးဌာနနှင့် United Agrifood Co., Ltd. တို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော အောင်မြင်ဖြစ်ထွန်း နေသည့် ဒူးရင်းပင်များ စိုက်ပျိုးထားရှိမှုကို အားပေးကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြွေထည်ပစ္စည်းထုတ်လုပ်ရေး ဌာန (မော်လမြိုင်)သို့ ရောက်ရှိပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှုနည်းစဉ် အဆင့်ဆင့်တို့ ကိုကြည့်ရှုသည်။ယင်းနောက် အမှတ်(၄)အရက်ချက်စက်ရုံ (မော်လမြိုင်)သို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။ 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိမည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရန် လိုကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် အထောက်အကူပြု ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်စေရန် လေ့ကျင့်သင်ယူထားရန်လိုကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်၍ ဓာတ်လိုက်မှု၊ ပေါ့ဆမှု၊ မီးလောင်မှုများ မဖြစ်စေရန် စနစ်တကျ စစ်ဆေးပေးရန် လိုအပ်သလို ပညာပေးဆွေးနွေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရန်လိုကြောင်း၊ ထို့အတူ ဘွိုင်လာများကိုလည်း သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန် စနစ်တကျစစ်ဆေး ပေးရန်လိုကြောင်း၊ စက်မှုလုပ်ငန်းများကို စစ်ဆေးသည့် အခါ ကျန်းမာရေး၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် အလေးထား စစ်ဆေးပေးရန် လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တက်တက်ကြွကြွ မြန်မြန် ဆန်ဆန် ရလဒ်ကောင်းများရရှိသည်အထိ ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။

ဇန်နဝါရီ(၁၇)ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံ၍ စက်မှုဝန်ကြီးဌာန၏ လုပ်ငန်းလည်ပတ် အကောင် အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ဒုတိယဝန်ကြီးက မွန်ပြည်နယ်အတွင်းရှိ စက်မှုဝန်ကြီးဌာန၏ ရာဘာများစိုက်ပျိုး ထုတ်လုပ်နေမှု၊ စက်ရုံများ အခြေအနေ၊ ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိနိုင်   ရေးအတွက် ရာဘာအထူး ပြုစက်မှုသင်တန်းကျောင်းကို လာမည့်နှစ်တွင် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်မြို့နယ်ရှိ ကျုံကရာဘာခြံသို့ ရောက်ရှိပြီး မြေကွက်လပ်နေရာများတွင် မြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် အခြား နှစ်ရှည် ပင်သီးနှံများ စိုက်ပျိုးနိုင်ရေးစီမံဆောင်ရွက်ရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၂၁)အကြီးစား စက်ရုံ (သထုံ)၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရာဘာအထူးပြုဘာသာရပ်များကို သင်ကြား ပေးမည့် အမှတ်(၈)စက်မှုသင်တန်းကျောင်း(သထုံ)သို့ ရောက်ရှိပြီး နိုင်ငံနှင့် ပြည်နယ်အတွက် အကျိုးရှိထိရောက်သည့် သင်တန်းကျောင်းဖြစ်စေရေး အလေးထား ဆောင်ရွက်ရန်၊ သမားရိုးကျပညာရေးစနစ်မှသည် လုပ်ငန်းကျွမ်းကျင်မှုအခြေပြုသည့် ပညာရေးနှင့် လေ့ကျင့် ရေးစနစ်ဖြစ်စေရေး ဆောင်ရွက်ရန်၊ နည်းပြဆရာ ဆရာမများ အနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် ဘာသာရပ်အသီးသီးကို ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ယူထား ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်