ရပ်စောက် ဇန်နဝါရီ ၁၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ဈေးတန်းရပ်ကွက်အတွင်းရှိ ဘိုးဘွားများ၏ အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ထွေး၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ရပ်ကွက်စာရေးဝန်ထမ်းတို့က ဈေးတန်းရပ်ကွက်မှ အသက်(၈၅)နှစ်နှင့်အထက် အဘိုး(၃)ဦးနှင့် အဘွား(၂)ဦးတို့အား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ဖြစ်သည့် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေ တစ်လလျှင် တစ်သောင်းနှုန်းဖြင့် သုံးလစာ  တစ်ဦးလျှင် ထောက်ပံ့ငွေ သုံးသောင်းကျပ်ကို ဘိုးဘွားများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

 

ရပ်စောက်မြို့နယ်အတွင်း၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၅၁)ဦးရှိပြီး ၎င်းတို့အား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၇၅၃၀၀၀၀ ကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများမှတစ်ဆင့် ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

 

ရဲထက်ဦး(ပြန်/ဆက်)