ရေး ဇန်နဝါရီ ၁၉
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ရေးမြို့နယ်၊ အနင်းကျေးရွာရှိ လမ်းခင်းကျောက်ထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး၊ ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် လူမှုစီးပွားဘဝ ပြန်လည်လည်ပတ်နိုင်ရေး၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး ဆောင်ရွက်ပေးကြရန်နှင့် ဒေသအကျိုးပြုလုပ်ငန်းများအား တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နှစ်ကရင် - မော့ကနင် ကုန်ထုတ်လမ်း ဖောက်လုပ်နေနေမှုကို ကြည့်ရှု၍ မော့ကရင်ကျေးရွာရှိ ရေထွက်ပစ္စည်းများနှင့် ဒေသထွက်ကုန်ပစ္စည်းများအပြင် အခြားထုတ်ကုန်များ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပ တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် သယ်ယူပို့ဆောင်ရေး၊ ဆိပ်ကမ်းတည်ဆောက်နိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေးမြို့နယ်၊ သပြေကျေးရွာရှိ Southern Myanmar Development ကုမ္ပဏီလီမိတက်မှ အဆိုပါကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေမှု အခြေအနေအား လည်းကောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်းအစီအစဉ်အရ Jetty နှင့် LPG Floating Storage ဆောက်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်မှုအပေါ် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


