မြိတ် ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအား ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမတွင် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားပြီး မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသထွက်ကုန်များကို အဆင့်မီအောင်ထုတ်လုပ်ပြီး ဒေသတွင်းလိုအပ်ချက်တွေ ပြည့်မီအောင် ဝိုင်းဝန်းဆောင်ရွက်ကြပေးရန် လိုအပ်ကြောင်း၊ ဒေသဝမ်းစာဖူလုံရေးအတွက် ဆန်စပါး မျိုးကောင်းမျိုးသန့်ရရှိရန်၊ မြေကို စနစ်တကျပြုပြင်ရန်၊ ရေအရင်းအမြစ်ရရှိရန်၊ စိုက်ပျိုးသည့်အခါ စနစ်တကျစိုက်ပျိုးကြရန် လိုကြောင်း၊ ဆန်စပါးတွင် ဒေသဝမ်းစာအနေဖြင့် မြိတ်တွင် (၇၅ ဒသမ ၉၇)ရာခိုင်နှုန်း၊ ထားဝယ်တွင် (၃ ဒသမ ၁၇)ရာခိုင်နှုန်း၊ ကော့သောင်းတွင် (၁၀ ဒသမ ၁၈)ရာခိုင်နှုန်း ထွက်ရှိကြောင်း၊ စပါးအထွက်နှုန်း တိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း။
ခရီးသွားလုပ်ငန်းအနေဖြင့် စမတ်ကျွန်း၊ ဒုံးကျွန်း၊ လေးကျွန်း စသည့် ကျွန်းများနှင့် အခြေခံအဆောက်အဦများရှိသည့် မြိတ်ကို ခရီးသွားများစိတ်ဝင်စားမှု ပိုမိုများပြားသဖြင့် ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ မြိတ်အတွက် အရေးကြီးဆုံးလိုအပ်ချက်က လျှပ်စစ်ဓာတ်အားဖြစ်သည့်အတွက် လျှပ်စစ်မီးသုံးစွဲမှု ဈေးနှုန်းသက်သာရန် ရေအား/လေအားလျှပ်စစ်ရရှိအောင် ကြိုးစားလျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများကိုလည်း နည်းလမ်းတကျ ဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ကိုဗစ်ရောဂါ တတိယလှိုင်း ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို တက်ညီလက်ညီ ဝိုင်းဝန်းပြီး ညီညီညာညာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ တင်ပြချက်နှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်နှင့် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


