တိုကျို ဇန်နဝါရီ ၁၉

 

ဂျပန်နိုင်ငံတိုကျိုမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသည့်အတွက် နေအိမ်၌ပင် သီးခြားခွဲနေရန် ကန့်သတ်ထားသည့် ဦးရေမှာ ၁၀၀၀၀ ကျော်ထိရှိလာကြောင်း သိရသည်။

 

လက်ရှိတွင် အိုမီခရွန်ကူးစက်မှုများကြောင့် ကူးစက်ခံရသူအရေအတွက် များပြားလာခြင်းကြောင့်လည်း ဖြစ်သည်။ ဇန်နဝါရီ ၁၇ ရက်တွင် နေအိမ်၌ သီးခြားနေရန် ကန့်သတ်ခံထားရသူဦးရေ ၁၀၈၁၄ ဦး ရှိကြောင်း သိရသည်။ ဇန်နဝါရီ ၁ ရက်မတိုင်မီ လွန်ခဲ့သည့်နှစ်လခန့်က တိုကျိုမြို့၌ ရောဂါကူးစက်မှုကြောင့် နေအိမ်၌သာနေရန် ကန့်သတ်ခံထားရသူ ဦးရေမှာ ၁၀၀ အောက်လျော့နည်းခဲ့သည်။ သို့သော်လည်း ဇန်နဝါရီ ၉ ရက်တွင် ၁၀၀၀ ရှိခဲ့ပြီး ယင်းနောက် ၅၀၀၀ အထိ တစ်ရှိန်ထိုးမြင့်မားလာခဲ့သည်။ ပြီးခဲ့သည့် နွေရာသီနှင့်မတူညီသည်မှာ နေအိမ်၌သာနေရန် ကန့်သတ်ခံထားရသူများမှာ ရောဂါလက္ခဏာအပျော့စားများသာ ပြသသူများဖြစ်သည်။

 

သို့သော်လည်း နေအိမ်၌သာနေရင်း အခြားသောမိသားစုဝင်များထံ ရောဂါကူးစက်မည်ကိုလည်း ကျန်းမာရေး အာဏာပိုင်များက စိုးရိမ်နေကြသည်။ တိုကျိုမြို့အစိုးရကလည်း ရောဂါကူးစက်ခံရသူများအတွက် နေရာထိုင်ခင်းပြင်ဆင်မှုများ တိုးမြှင့်လျက်ရှိပြီး နေအိမ်၌သာသီးခြားနေမည့်အစား အဆိုပါနေရာများသို့ လာရောက်ကြရန် တိုက်တွန်းလျက်ရှိသည်။

 

အင်န်အိတ်ချ်ကေ