ပေါက်ခေါင်း ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း ချည်မျှင်ချည်ဝါ အများဆုံးစိုက်ပျိုးသော စောကဲကျေးရွာနှင့် အခြားကျေးရွာတို့တွင် ဝါစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းပြီး ချည်မျှင်ချည်ဝါ ဈေးကွက်မှာ ယခင်နှစ်ကထက် ပိုမိုရရှိကြောင်း ဝါစိုက်တောင်သူများထံမှ သိရသည်။

အဆိုပါကျေးရွာ ဒေသခံတောင်သူများအနေဖြင့် ဝါ သီးနှံအပြင် အခြားသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ ပြောင်း၊ နှမ်း၊ စပါး စသည်တို့ကိုလည်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ယခု ချည်မျှင်ချည်ဝါကိုလည်း အခြားသီးနှံများနည်းတူ စိုက်ပျိုးထားရှိရာ ဒီဇင်ဘာလ အလယ်လောက်မှ စတင်ခူးဆွတ်လျက်ရှိကြောင်း သိရသည်။

“ချည်မျှင်ချည်ဝါကိုတော့ နှစ်တိုင်းလိုစိုက်ဖြစ်တယ်၊ ယခင်နှစ်တွေကတော့ ဝါတစ်ပိဿာကို ၁၄၀၀၊ ၁၆၀၀ ကျပ်လောက်ထိ ရောင်းရပြီး ခုနှစ်တော့ တစ်ပိဿာကို ၂၂၀၀ ကျပ်ထိ ရောင်းရတယ်။ ဈေးကောင်းရတယ်လို့ ဆိုရမှာပေါ့၊ တစ်ဧကကို ဝါပိဿာ ၇၀၀ ကျော်ထွက်ရှိပြီး ဝယ်သူကတော့ ရွာအရောက်လာဝယ်ယူကြတယ်၊ ရွာမှာ အဝယ်ဒိုင်ဖွင့်ထားတော့ အဆင်ပြေတယ်” ဟု ဝါ ၄ ဧက စိုက်ပျိုးထားသည့် စောကဲကျေးရွာတောင်သူထံမှ သိရသည်။ 

ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း ဝါစိုက်ဧက ၆၇၀၀ ကျော် စိုက်ပျိုးထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်