သရက် ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ခရိုင်အတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ ကျေးရွာပေါင်း ၃၃ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်သူလူထုကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်း၍ ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ် ရေးဆွဲခြင်းဖြစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ကို သရက်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်ရှိ ကျေးရွာပေါင်း ၃၃ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၃၃၀၀ ရင်းနှီးမြှုပ်နှံကာ ကျေးရွာပြည်သူတို့ ငွေအားထည့်ဝင်မှု ကျပ် ၁၉၃ ဒသမ ၃၄ သိန်း၊ လုပ်အားထည့်ဝင်မှုတို့ဖြင့်  ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါစီမံကိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သရက်မြို့နယ်၌ ခြောက်ရွာ၊ ကံမမြို့နယ်၌ လေးရွာ၊ မင်းတုန်းမြို့နယ်၌ ငါးရွာ၊ မင်းလှမြို့နယ် ငါးရွာ၊ ဆင်ပေါင်ဝဲမြို့နယ်၌ ငါးရွာနှင့် အောင်လံမြို့နယ်၌ ရှစ်ရွာ စုစုပေါင်း ၃၃ ရွာတို့တွင် ကွန်ကရစ်လမ်းလုပ်ငန်း ၂၂ လမ်း၊ ကွန်ကရစ်ဘီးလမ်း သုံးလမ်း၊ ရေရရှိရေးလုပ်ငန်း သုံးခု၊ အဆောက်အဦလုပ်ငန်း တစ်ခု၊ စုစုပေါင်းလုပ်ငန်း (၃၄)ခုတို့ကို ဒီဇင်ဘာ ပထမအပတ်တွင် စတင်၍ စီမံကိန်း သတ်မှတ်စံချိန်စံညွှန်းနှင့် သတ်မှတ်ကာလ ပြီးစီးရေးတို့အတွက် သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးနှင့် ဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေးမှု၊ ခရိုင်နှင့်မြို့နယ် အဆင့်ဆင့်ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူကျေးရွာများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး ၇၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးဖြစ်ကြောင်း သိရသည်။

ထိုသို့ စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူတို့သည် ယခင်ကထက် မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း၊ စွမ်းဆောင်ရည်မြင့်တက်ခြင်း၊ နည်းပညာများရရှိခြင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်တတ်လာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးထံမှ သိရသည်။

ကိုလှိုင်(ကျေးလက်)