ဟားခါး ဇန်နဝါရီ   ၁၉

 

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ၊ ရောဂါရှာဖွေ စစ်ဆေးခြင်းနှင့် Mask Campaign လုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်ရန်လိုကြောင်း၊ လျှပ်စစ်မီး ပြတ်တောက်ပါက အောက်ဆီဂျင် Plant များ ပုံမှန်လည်ပတ်နိုင်ရေးအတွက် မြို့နယ်အလိုက် မီးစက် လိုအပ်ချက်များ စိစစ်တင်ပြရန် လိုကြောင်း၊ အောက်ဆီဂျင် Plant မှ ထုတ်လုပ်နိုင်သမျှ အောက်ဆီဂျင်များ စုဆောင်းထားရန်လိုကြောင်း” အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ ဟားခါးမြို့နယ် လူထုကျန်းမာရေး စောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင် လျန်ဟုပ်လိန်းနှင့် သိက္ခာတော်ရ ဆရာတော် နီကျုံးထန်တို့က ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု၊ ဇာထာရ်ကျေးရွာသို့ ကိုဗစ်-၁၉ ရောဂါ RDT Test Kit ဖြင့် ရှာဖွေစစ်ဆေးရေး ကွင်းဆင်းဆောင်ရွက်မှု၊ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မှု၊ ဟားခါးမြို့နယ်ရှိ ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်မည့် အစီအမံနှင့် လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသဆေးများ ထောက်ပံ့နိုင်ရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းတင် ပြကြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့် ဆက်လက်ထိုးနှံမည့် အစီအမံ၊ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေ၊ ဖလမ်းပြည်သူ့ဆေးရုံရှိ စက်ချွတ်ယွင်းသည့် အောက်ဆီဂျင် Plant အား အမြန်ဆုံး ပြုပြင်နိုင်ရေးဆောင်ရွက်ထားရှိမှု၊ ချင်းပြည်နယ်အတွက် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဝယ်ယူသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ရှင်းလင်းတင်ပြချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အလှူရှင်များ လှူဒါန်းသည့် လီတာ ၄၀ ဆံ့ အောင်ဆီဂျင်အိုး အလုံး ၁၀၀ အား ဟားခါးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပြီးစီးမှုနှင့် အောက်ဆီဂျင်အိုးများတွင် အလှူရှင်များ၏ အမည်ရေးထိုးထားရေး၊ လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ပေါ်လာပါက အောက်ဆီဂျင် Plant များ ပုံမှန်လည်ပတ်နိုင်ရေး မီးစက်များ ကြိုတင်ပြင်ဆင် ထားရှိရေး၊ ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ ရပ်တန့်မှုမရှိဘဲ ဆက်လက်လုပ်ဆောင်သွားရေး၊ ဖလမ်းပြည်သူ့ဆေးရုံ၏ အောက်ဆီဂျင် Plant ပြုပြင်နိုင်ရေးအတွက် လိုအပ်သည့် ကုန်ကျစရိတ်များ တွက်ချက်တင်ပြရေးတို့နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။    

 

ခရိုင်(ပြန်/ဆက်)