နေပြည်တော် ဇန်နဝါရီ ၁၉
ပွင့်လင်းရာသီတွင် ဖြစ်ပေါ်လေ့ရှိသော တောမီးလောင်ခြင်းနှင့် တောင်ယာမီးရှို့ခြင်းတို့မှ ထွက်ရှိသော မီးခိုးမြူငွေ့နှင့် ပြာမှုန့်များကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လျက်ရှိသဖြင့် Fire Hotspots မီးလောင်ကျွမ်းမှု များပြားနေခြင်းကို လျှော့ချသွားရန်၊ မီးလောင်ကျွမ်းခြင်းများကြောင့် ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့ ညစ်ညမ်းမှုကြောင့် ဂေဟစနစ်နှင့် လူသားတို့၏ ကျန်းမာရေးအတွက် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ နေပြည်တော်အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က “နေပြည်တော်သည် ၂၀၁၇ ခုနှစ်တွင် ပေးအပ်ခဲ့သော အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်တည်တံ့သော မြို့ကြီးများဆု (ASEAN Environmental Sustainable Cites Award) ကို ရရှိထားပြီးဖြစ်သည့်အတွက် အစိမ်းရောင် မြို့တော်များ အင်္ဂါရပ်နှင့်အညီ သန့်စင်သောလေရရှိမှု၊ သန့်ရှင်းသောရေထောက်ပံ့ပေးနိုင်မှု၊ ကောင်းမွန်သည့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု အလေ့အထများ စသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အခြေခံစံနှုန်းများကို အလေးထား လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အမြဲစိမ်းလန်းသာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ ပတ်ဝန်းကျင်၊ လူမှုရေး၊ စီးပွားရေး မဏ္ဍိုင်သုံးခုအား ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍအနေဖြင့် ပြည်သူလူထု ပူးပေါင်းလာစေရန် အသိပညာပေးခြင်းတို့ကို လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ တောမီးနှင့် အခြားမီး လောင်ကျွမ်းခြင်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချနိုင်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဌာနများအနေနှင့် ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက် သွားကြရန်” တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဆွေက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေး သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆွေးနွေးချက်များအပါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)


