ဝန်းသို ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်အတွင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကို ကျေးရွာခုနစ်ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများမှာ တုံးကြိတ်ကျေးရွာနှင့် ချမ်းမြသီတာကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ သင်တောကျေးရွာနှင့် ပန်းညိုကျေးရွာတွင် ကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်း၊ ဆပ်သွားကျင်းကျေးရွာတွင် မြေသားလမ်းချဲ့ခြင်း၊ ဂွေးကုန်းကျေးရွာတွင် ကွန်ကရစ်တံတားတည်ဆောက်ခြင်းနှင့် အောင်ဇာနည်ကုန်းကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းတို့ ဖြစ်သည်။
ယခုအခါ သင်တောကျေးရွာ၊ ပန်းညိုကျေးရွာနှင့် တုံးကြိတ်ကျေးရွာတွင် လုပ်ငန်းအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ဂွေးကုန်းကျေးရွာတွင် ၉၀ ရာခိုင်နှုန်း၊ ချမ်းမြသီတာကျေးရွာတွင် ၈၀ ရာခိုင်နှုန်း၊ ဆပ်သွားကျင်းကျေးရွာတွင် ၅၀ ရာခိုင်နှုန်းနှင့် အောင်ဇာနည်ကုန်းကျေးရွာတွင် ၂၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ ဖော်ပြပါလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းမှ ထောက်ပံငွေကျပ်သန်း ၇၀ အပြင် ပြည်သူထည့်ဝင်ငွေကျပ် ၂ ဒသမ ၅၆ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအားလုံးဆောင်ရွက်ပြီးပါက အိမ်ခြေပေါင်း ၄၉၂ အိမ်၊ လူဦးရေပေါင်း ၂၁၀၃ ဦးတို့အတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)


