မိတ္ထီလာ၊ ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သရက်ကန်ကျေးရွာတွင် ၂၀၂၁-၂၀၂၂ ခု ခြောက်လဘဏ္ဍာရေးနှစ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေပြီး ကျေးလက်နေပြည်သူများ ခေါင်းဆောင်မှု တိုးတက်လာစေရန် ရည်ရွယ်၍ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း (၁၀၀) ထောက်ပံ့ပေးကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူ ကျေးရွာသားများ ဦးဆောင်၍ ကျေးရွာ၏ အခြေခံလိုအပ်ချက်ဖြစ်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ကျေးရွာလျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများဆောင်ရွက်လျက်ရှိသည်။ ယခု ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်၌ အိမ်ထောင်စု ၁၅၉ စု၊ လူဦးရေ ၇၁၇ ဦးရှိသည့် ကျွဲတလင်းကျေးရွာအုပ်စု သရက်ကန်ကျေးရွာတွင် ကျေးရွာ၏ လိုအပ်ချက်ဖြင့်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၂၂ ရက်မှ စတင်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ သိန်း(၁၀၀)နှင့် ကျေးရွာသူကျေးရွာသားများ၏ ထည့်ဝင် ငွေ ၃ ဒသမ ၈၇ သန်းတို့ဖြင့် အရှည် ပေ ၆၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။
အဆိုပါ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ဇန်နဝါရီ ၁၉ ရက်က မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


