အိမ်မဲ ဇန်နဝါရီ ၂၀

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု (၆)လဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြစ်သော အိမ်သွယ်ရေတိုင်စနစ် သွယ်တန်းခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ဇန်နဝါရီ ၁၉ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မျိုးလွင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ၎င်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

"ကျွန်တော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ၂၀၂၁-၂၀၂၂ ခု (၆)လ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ်(၁၀)သိန်းနဲ့ ဆောင်ရွက်တာဖြစ်ပြီး အိမ်သွယ်ရေတိုင်စနစ် သွယ်တန်းရာမှာ အိမ်တိုင်းစိ ဆက်သွယ်ပြီးပါပြီ။ ကွန်ကရစ်လမ်းခင်းခြင်းမှာတော့ လမ်းအရှည် ၆၆၇ ပေ ရှိပါတယ်။ လမ်းအင်္ဂါရပ်နဲ့အညီ လမ်းရှိရင် လမ်းပခုံးရှိမယ်၊ လမ်းဘေးရေမြောင်းရှိရမယ် စတဲ့အချက်တွေနဲ့ ပြည့်စုံတာကိုလည်း တွေ့ရပါတယ်။ ရွာသားတွေရဲ့ စည်းလုံးမှုကိုလည်း တွေ့ရပါတယ်” ဟု အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မျိုးလွင် ပြောသည်။

 

ကျေးရွာကွန်ကရစ်လမ်း ပြီးစီးခြင်းကြောင့် သွားလာရေး အဆင်ပြေပြီး မိမိနေအိမ်တွင် ရေဘားဖွင့်ရုံဖြင့် ရေရရှိနေပြီဖြစ်သည့်အတွက် ဆောင်ရွက်ပေးသည့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်လို့ မာလကာကုန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

 

အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ ခု (၆)လ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) များဖြစ်သော ရေကျော်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ ကျွန်းတောစုကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်ခြင်းလုပ်ငန်း၊ ဆင်ဆိပ်ကျေးရွာတွင်း အိမ်သွယ်ရေတိုင်စနစ် သွယ်တန်းခြင်းလုပ်ငန်း၊ အလယ်ကျွန်းကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မာလကာကုန်းကျေးရွာတွင်း အိမ်သွယ်ရေတိုင်စနစ် သွယ်တန်းခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အချိန်မီပြီးစီးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)