မိုင်းခုတ် ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ပညာရေးဌာနနှင့်ပူးပေါင်း၍ ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းဖောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ယဉ်ယဉ်ဝင်းက “ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ သူ့ကျွန်ဘဝ ကျရောက်ခဲ့ရပုံ၊ လွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခိုင်အမာမတည်ဆောင်နိုင်ဘဲ လွတ်လပ်ရေးရရှိရန် မလွယ်ကူပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်တစ်မျက်နှာကိုသာကြည့်ပြီး ဝါးအစည်းပြေသကဲ့သို့ ဖရိုဖရဲဖြစ်နေသည့် တိုင်းပြည်ကို အစိုးရတစ်ခုတည်း၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိအောင် ဆောင်ရွက်ခဲ့ရပုံနှင့် ဖေဖော်ဝါရီ ၁၂ မှ အရင်းတည်ကာ စည်းလုံးညီညွတ်ခဲ့သည့် နိုင်ငံတော်ကြီးအတွက် အစဉ်အလာကောင်းများကို ရေရှည်ထိန်းသိမ်းရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပုံတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)


