တောင်တွင်းကြီး ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ခြောက်လတာ ကာလအတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျေးရွာနေပြည်သူများ ရာသီမရွေး သွားလာနိုင်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)၊ ကျေးရွာ(၆)ရွာအတွက် စီမံကိန်းရန်ပုံငွေကျပ် သိန်း(၆၀၀)ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၉ ရက်က လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျေးရွာတွင်း ကွန်ကရစ်လမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဲကောကျေးရွာတွင် အရှည်ပေ (၆၀၅) ပေ၊ ရွာမနား(တောင်)ကျေးရွာ (၆၆၀) ပေ၊ ဥယျာဉ်စုကျေးရွာ (၆၈၅) ပေ၊ နတ်စင်ကုန်းကျေးရွာ (၆၈၅) ပေ၊ လက်ပံကွေ့ကျေးရွာ (၆၈၅) ပေ၊ ညောင်ရွာကျေးရွာ (၆၂၈)ပေတို့ဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ မီနီဘတ်ဂျတ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ (VDP) စီမံကိန်း ရန်ပုံငွေအဖြစ် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၁၀၀)စီနှင့် ကျေးရွာအလိုက် ပြည်သူလူထုထည့်ဝင်ငွေများဖြင့် လမ်းအကျယ် (၁၂)ပေ၊ ထု (၆) လက်မ ကွန်ကရစ်လမ်းအဖြစ် ကျေးရွာစီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီက တာဝန်ယူ၍ ဒီဇင်ဘာ ၇ ရက်က စတင်၍ ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် လိုအပ်သည့် နည်းပညာများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းကွန်ကရစ်လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးခဲ့သဖြင့် တောင်တွင်းကြီးမြို့နယ် သဲကောကျေးရွာရှိ အိမ်ထောင်စု(၁၉၅)စု၊ လူဦးရေ(၉၀၇)ဦး၊ ရွာမနား(တောင်)ကျေးရွာရှိ အိမ်ထောင်စု (၁၇၀)စုလူဦးရေ (၁၁၂၀)ဦး၊ ဥယျာဉ်စုကျေးရွာရှိ အိမ်ထောင်စု (၁၇၅)စု လူဦးရေ (၈၀၉)ဦး၊ နတ်စင်ကုန်းကျေးရွာရှိ အိမ်ထောင်စု (၁၂၅)စု လူဦးရေ (၈၆၇)ဦး၊ လက်ပံကွေ့ကျေးရွာရှိ အိမ်ထောင်စု (၁၅၉)စုလူဦးရေ (၆၇၅)ဦး၊ ညောင်ရွာကျေးရွာရှိ အိမ်ထောင်စု (၉၀)စု လူဦးရေ (၄၀၉)ဦး စသည့် ဒေသခံပြည်သူများအတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် လယ်ယာသီးနှံ ထွက်ကုန်များကိုလည်း အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် သယ်ယူပို့ဆောင် ရောင်းချနိုင်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


