တိုက်စစ်ခြေစွမ်းပြပြီး ဘရန့်ဖို့ဒ်ကို ဂိုးပြတ်အနိုင်ရရှိခဲ့သည့် မန်ယူ

ဇန်နဝါရီ  ၂၁

ဘရန့်ဖို့ဒ်အသင်းနှင့် မန်ယူအသင်းတို့၏ ပရီမီယာလိဂ် ပွဲစဉ် (၁၇) မှ လက်ကျန် ပွဲစဉ်ကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ဘရန့်ဖို့ဒ်အိမ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် မန်ယူအသင်းသည် ပရီမီယာ လိဂ် ၂၁ ပွဲကစားပြီး ရမှတ် ၃၅ မှတ်ဖြင့် အဆင့်(၇)နေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ယခုပွဲစဉ်တွင် ရှုံးနိမ့်ခဲ့သည့် ဘရန့်ဖို့ဒ်အသင်းက ၂၂ ပွဲကစားပြီး ရမှတ် ၂၃ မှတ်ဖြင့် အဆင့်(၁၄)နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

အိမ်ရှင် ဘရန့်ဖို့ဒ်အသင်းသည် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် နှစ်ပွဲမှ ရှုံးနိမ့်မှုကို ယခုပွဲစဉ်တွင် ချေဖျက်ဖို့ ကြိုးစားလာသော်လည်း ရရှိလာသည့် အပိုင်အခွင့်အရေးများကို အသင်းကစားသမားများ အဆုံးသတ်မသေချာမှုကြောင့် ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ မန်ယူဂိုးသမား ဒေးဗစ်ဒီဂီယာ သည် ဘရန့်ဖို့ဒ်အသင်းမှ ဂိုးရရှိနိုင်သည့် ကန်သွင်းချက်များကို လက်စွမ်းပြ ကာကွယ်ထားနိုင်သည့် အတွက် ပထမပိုင်းကို ဂိုးမရှိသရေဖြင့် အဆုံးသတ်ခဲ့သည်။

ဒုတိယပိုင်းတွင် မန်ယူအသင်းသည် ဘရန့်ဖို့ဒ်အသင်းကို ဖိအားပေးကစားလာနိုင်ခဲ့ပြီး သွင်းဂိုးများ ရယူနိုင်ခဲ့သည်။ ယခုပွဲစဉ်အတွက် ဦးဆောင်ဂိုးကို မန်ယူအသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ၅၅ မိနစ်တွင် အီလန်ဂါက သွင်းယူပေးနိုင်ခဲ့သည်။ မန်ယူအသင်းအတွက် ဒုတိယဂိုးနှင့် တတိယဂိုးကို ဖာနန်ဒက်စ်၏ ဖန်တီးမှုမှ ပွဲချိန် ၆၂ မိနစ် နှင့် ၇၇ မိနစ် တို့တွင် ဂရင်းဝုဒ်နှင့် ရပ်ဖို့ဒ်တို့က သွင်းယူပေးနိုင်ခဲ့သည်။

ယခုပွဲစဉ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သော ရပ်ဖို့ဒ်သည် လူစားဝင်ကစားသမားအဖြစ် ပရီမီယာလိဂ် ၁၀ ဂိုးမြောက် သွင်းယူနိုင်သည့် တတိယမြောက် မန်ယူကစားသမားဖြစ်လာခဲ့သည်။ မန်ယူအသင်းသည် လာမည့်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၂ ရက်တွင် ဝက်စ်ဟမ်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အခြားသောပွဲစဉ်အဖြစ် လက်စတာနှင့် စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး စပါးအသင်းက နောက်ကျ သွင်းဂိုးများနှင့်အတူ သုံးဂိုးနှစ်ဂိုးဖြင့် လက်စတာအသင်းကို အနိုင်ရရှိခဲ့သည်။

အောင်ဇော်