တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ သန်း ၁၄၀ ကျော် အသုံးပြုပြီးဖြစ်

အန်ကာရာ ဇန်နဝါရီ  ၂၁

 

တူရကီနိုင်ငံ၌ တတိယအကြိမ် အပိုဆောင်းထိုးနှံပေးသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အပါအဝင် ကာကွယ်ဆေးအလုံးရေ စုစုပေါင်း သန်း ၁၄၀ ကျော် အသုံးပြုပြီးဖြစ်ကြောင်း တူရကီကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီကျန်းမာရေးအာဏာပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

 

တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ အသက် ၁၈ နှစ်နှင့်အထက် အသက်အရွယ်ရှိသူ နိုင်ငံသားအားလုံး၏ ၉၂ ဒသမ ၃၁ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့် ၈၄ ဒသမ ၁၀ ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

တူရကီနိုင်ငံ၌ လူဦးရေ ၈၃ သန်းရှိသည့်အနက် ၂၄ သန်းနီးပါးသည် ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ၊ တူရကီကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၂၆၁၅ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း အဆိုပါ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၀၆၆၄၃၇၂ ဦးရှိလာကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၇၆ ဦး ထပ်တိုးလာခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၈၅၂၅၃ ဦးရှိလာကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၈၄၄၂၆ ဦးရှိကြောင်း တူရကီကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်