ပေါက် ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရှားတောကျေးရွာတွင် တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချ လျက်ရှိသည့် ကွန်ကရစ်ပစ္စည်းများမှာ ပုံမှန်အရောင်းအဝယ်ရှိပြီး မိသားစု စားဝတ်နေရေး အဆင်ပြေ လျက်ရှိကြောင်း ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူ ဦးနေမျိုးဝင်းထံမှ သိရသည်။
“ကွန်ကရစ်ပစ္စည်းအနေနဲ့ အဓိက ရောင်းအားကောင်းတာက ကွန်ကရစ်ကျောက်တိုင်၊ ရေကန်များနဲ့ ပန်းပျိုးကန်များ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ကျေးလက်လမ်းများ ပြုလုပ်ရာမှာအသုံးပြုတဲ့ ရေပြွန် များလည်း ရပါတယ်။ ကုန်ကြမ်းပစ္စည်းများဖြစ်တဲ့ ဘိလပ်မြေနဲ့ ကျောက်၊ သဲဈေးများ သိသိသာသာ ဈေးမတက်သော်လည်း သံချောင်းဈေးကတော့ ထက်ဝက်ခန့် တက်ခဲ့ပါတယ်။ ကုန်ကြမ်းစျေး တက်သော်လည်း ရောင်းစျေးကိုတော့ ဝယ်လိုအားအပေါ်မူတည်ပြီး ဈေးအနည်းငယ်သာ တက်ခဲ့ပါ တယ်။ အိမ်ကလည်း ပေါက်-ပခုက္ကူ မိန်းလမ်းမဘေးမှာဆိုတော့ လမ်းသွားလမ်းလာများမြင်တွေ့ နေရတဲ့အတွက် ပြုလုပ်ရောင်းချရာမှာ အဆင်ပြေပါတယ်”ဟု ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချနေသူ ဦးနေမျိုးဝင်းက ပြောပြသည်။
ပြုလုပ်ရောင်းချလျက်ရှိသော ပစ္စည်းအမျိုးအစားများမှာ ကွန်ကရစ်တိုင်(အကြီး/အသေး)၊ ကွန်ကရစ် ရေကန် (အကြီး/အသေး)၊ ကွန်ကရစ်ပြွန်ဆိုဒ်စုံ၊ မိလ္လာသုံးကျောက်ပြားနှင့် အခြား အော်ဒါမှာယူသော ပစ္စည်းများဖြစ်ကြောင်း သိရသည်။
ဉာဏ်တိုး(ပြန်/ဆက်)


