တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၂၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂၀ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်သော တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ခရီးသည်တင်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၇၆,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေငြာလွှာ ID တွင် ကြေညာထားခြင်းမရှိသော Laminated Building Glass မှန်ချပ်ဆိုဒ်စုံ ခန့်မှန်းတန်ဖိုးကျပ်(၂,၆၄၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရခိုင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် ဂွမြို့နယ်၊ ဒေါင့်ချောင်း ကျေးရွာအုပ်စု အတွင်း စစ်ဆေးဆောင်ရွက်ခဲ့ရာ တရားမဝင်တောင်သရက်ခွဲသား (၃ဒသမ၈၇၆၈)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၅,၀၀ဝ)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် ယနေ့တွင်  စစ်ကိုင်းတိုင်းဒေသကြီး၊   တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (လိုင်စင်မဲ့)ယာဉ်များအား စစ်ကိုင်းမြို့နယ်တွင် Honda CR-V (၁)စီးနှင့် Honda Fit (၁)စီး၊ ကန့်ဘလူ မြို့နယ်တွင် AD Van(၁)စီး၊ မုံရွာမြို့နယ်တွင် YAMAHA မော်တော် ဆိုင်ကယ်(၁)စီး၊ လိုင်စင်မဲ့ယာဉ်ပေါင်း (၄)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၅၀၀,၀၀၀)နှင့် မော်လိုက်မြို့နယ်တွင် ကျွန်းသစ် (၅ ဒသမ၂၃၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၄,၈၀၀)၊ စုစုပေါင်း (လိုင်စင်မဲ့)ယာဉ်(၄)စီးနှင့် ကျွန်းသစ် (၅ဒသမ၂၃၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၂၈၄,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး (လိုင်စင်မဲ့) ယာဉ်များကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ကျွန်းသစ်များကို သစ်တောဥပဒေအရလည်းကောင်း အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ပါ၍ ဇန်နဝါရီ ၂၀ ရက်နှင့် ၂၁ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၈)မှု၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၆၀၅,၈၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ သိရသည်။

(သတင်းစဉ်)