တိုကျို ဇန်နဝါရီ ၂၃

ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့ရာ အိုအီတာ၊ မီယာဇာကီ ၊ ကူမာမိုတိုနှင့် ကိုချီခရိုင် တို့တွင် အပျက်အစီးကြီးမားကြောင်း သိရသည်။ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။

ဇန်နဝါရီ ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီနှင့် ၈ မိနစ်တွင် ပြင်းအား ၆ ဒသမ ၆ မဂ္ဂနီကျရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ ကျူရူကမ်းရိုးတန်းကို ဦးတည်ကာ ငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဂျပန်မိုးလေဝသ အေဂျင်စီက ပြောသည်။

လမ်းများ ပျက်စီးခြင်း၊ အဆောက်အအုံများ ပျက်စီးခြင်းနှင့် ရေပိုက်များ ကွဲထွက်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံအာဏာပိုင်များထံမှ အချက်အလက်များရရှိသည်။ မီယာဇာကီခရိုင် နိုဘီယိုကာမြို့တွင် နေအိမ်ပေါင်း ၃၄၀ မှာ ရေပိုက်လိုင်းများ ပျက်စီးသွားသည့်အတွက် ရေမရရှိချေ။ အချို့သောနေရာများတွင် လျှပ်စစ်မီးပြတ်တောက်ခြင်းများဖြစ်ပေါ်ပြီး ယခု လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိကြောင်း သိရသည်။

လာမည့် ရက်များအတွင်း နောက်ထပ်ငလျင်များ လှုပ်ခတ်နိုင်သေးကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက သတိပေးထားသည်။

အင်န်အိတ်ချ်ကေ