လှိုင်သာယာမြို့နယ် ဖွံဖြိုးရေးနှင့် သန့်ရှင်းသာယာ သပ်ရပ်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် စစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၂၄

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၆ နာရီခွဲတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန် - ပုသိမ် လမ်းမကြီးဘေး FMI City သို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ FMI City ရှေ့ရန်ကုန် - ပုသိမ်လမ်းဘေး ရေစုကန်ရေမြောင်း ရေစီးရေလာ ကောင်းမွန်ရေးနှင့် မြောင်းတစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ညောင်ရွာ၊ ပန်းလှိုင်အိမ်ရာရှေ့ ပန်းခြံနှင့် ကစားကွင်း ပြုလုပ်ရန် မြေနေရာကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ ထိန်ပင် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ (Final Disposal Site - FDS) ကိုလည်းကောင်း၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန၊ မွေးမြူရေးဇုန်ရှိ လှိုင်သာယာ (ဝက်) အသားထုတ်လုပ်ရုံ စီမံကိန်း လုပ်ငန်းခွင်ကိုလည်းကောင်း၊ မွေးမြူရေးဇုန်နှင့် ထိန်ပင် သုဿာန်အကြား လမ်းဖောက်လုပ်ထားမှုကိုလည်ကောင်း၊ ဒဂုံဧရာ အဝေးပြေးယာဉ် ရပ်နားစခန်း အနောက်ပတ်လမ်းနှင့် ကျုံပျော်လမ်းအကြား သဲဖို့မြေပြုပြင် ဆောင်ရွက်နေမှုကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ် အဝင်လမ်းသို့ သွားရောက်၍ မြို့နယ်စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး စီမံကိန်းဝင်းအတွင်း ဆောင်ရွက်နေသော ရေဂါလန် (၁) သိန်းဆန့် ရေစုကန်နှင့် ရေတွန်းစက်ရုံ တည်ဆောက်နေမှုကိုလည်းကောင်း၊ ဧရာနဂါး ကုမ္ပဏီနှင့် မောင်နှစ်မသုံးဖော် ကုမ္ပဏီတို့မှ စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ တည်ဆောက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန် နှင့် အဖွဲ့သည် ရန်ကုန် - ပုသိမ် ကားလမ်းမဘေး လူအင်အား၊ ယန္တရား အင်အားများဖြင့် ရေနုတ်မြောင်းဘေး ဝဲ/ယာ သန့်ရှင်းသာယာ သပ်ရပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အကြား သောင်ကြားချောင်းကူး တံတားကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပန်းလှိုင်မြစ်သို့ စီးဝင်သည့် သောင်ကြားချောင်းနှင့် လှိုင်မြစ်သို့ စီးဝင်သည့် ရန်ကုန် - ပုသိမ်လမ်းမြောင်းတို့ဆုံရာ နေရာဖြစ်ခြင်းကြောင့်ရေစုကန် တူးဖော်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်း ရန်ကုန်မြို့တော်ခန်းမအတွင်း ရေဂါလန် (၁) သိန်းဆန့် ရေစုကန် RC Ground Tank တည်ဆောက်ပြီးစီးမှု၊ လူသွားစင်္ကြံ၊ ယဉ်ရပ်နားရန် နေရာများ ခင်းကျင်းပြီးစီးမှုနှင့် မဟာဗန္ဓုလလမ်း ပြန်လည်ခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် မြို့တော်ဝန်သည် မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ပြုလုပ်သော ကော်မတီဝင်နှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂) သို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်