၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့ရေပေးရေးစီမံကိန်း ဖွင့်ပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၄

 

၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့ရေပေးရေး စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ မရမ်းချောင်းကျေးရွာရှိ  Water Treatment Plant နေရာ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပုသိမ်မြို့ ရေပေးရေးစီမံကိန်းကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ (၂) နှစ်ခွဲခန့်ကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် မြန်မာကျပ်ငွေ ၁၈ ဘီလီယံခန့် ကုန်ကျခဲ့ပါကြောင်း၊ ယခုစီမံကိန်းမှ ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက် ကိုးခု၊ လူဦးရေ ၁ ဒသမ ၂၅ သိန်းခန့်၊ အိမ်ထောင်စု ၂၅,၀၀၀ ခန့်ကို သန့်ရှင်းသည့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်း ဆောင်ရွက်ရာတွင် ပုသိမ်မြို့၊  ငဝန်မြစ်အတွင်း Pontoon တည်ဆောက်၍ ရေကိုရယူပြီး ခေတ်မီရေသန့်စင်ခြင်းစနစ်ကို အသုံးပြုဆောင်ရွက်ပေးထားပါကြောင်း၊ ယခုလုပ်ငန်းများအပေါ် ရေရှည်ပုံမှန် လည်ပတ်နိုင်ရေး အလေးထားကြီးကြပ် ဆောင်ရွက်ကြရန်၊ ချေးငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းဖြစ်သည့်အတွက် ရေပေးဝေမှုလုပ်ငန်းများ အမြန်အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ပြင်ဆင်ထိန်းသိမ်းရေး ကိစ္စရပ်များကို ပုံမှန်ဆောင်ရွက်စေရေး တာဝန်ရှိသူ အဆင့်ဆင့်က အမြဲမပြတ်ကြီးကြပ်စစ်ဆေးသွားရန် မှာကြားလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် မြို့ရေပေးရေးစီမံကိန်း တည်ဆောက်ရေးအပိုင်းကို တာဝန်ယူဆောင်ရွက်ခဲ့သည့်  Authentic Construction ကုမ္ပဏီ မန်းနေဂျင်းဒါရိုက်တာက စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု အဆင့်ဆင့်ကို ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍  ပုသိမ်မြို့ မြို့ရေပေးရေး စီမံကိန်းဖွင့်ပွဲမုခ်ဦးကို  သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ Authentic Construction ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် မြို့ရေပေးရေး စီမံကိန်း ကမ္ပည်းမော်ကွန်းအား ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ် တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ကာ အမွှေးနံ့သာရေများ ပက်ဖျန်းပေးပြီး ရေသန့်စင်စက်ရုံအတွင်း ရေသန့်စင်မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပုသိမ်မြို့နယ် ညောင်ကုန်းကျေးရွာရှိ တောင်သူ ၄၂၈ ဦးတို့၏ စိုက်ပျိုးမြေ ဧက ၇၅၀ ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ အသင်းသား ၃၅ ဦးဖြင့် ဖွဲ့စည်းထားသော ရွှေကျီးညိုသမဝါယမ၏ ကုန်မျိုးစုံ အလှကုန်ပစ္စည်းများ ရောင်းချနေမှုနှင့် အကျိုးတူဆေးခန်း ဖွင့်လှစ်ဆောင်ရွက်နေမှုကိုလည်းကောင်း၊  အထက်တန်းအဆင့် ပြီးမြောက်သူများကို (၃) လခွဲကြာ ပို့ချလျက်ရှိသည့်  လက်မှတ်ရစာရင်းရေး စာရင်းကိုင်နှင့် စာရင်းကိုင် ကွန်ပျူတာ သင်တန်း၊ ဖွင့်လှစ်သင်ကြားပို့ချနေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့နယ် တော်တရကြီးကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို လည်းကောင်း၊ တော်တရကြီးကျေးရွာရှိ မြန်မာရွှေ သင်ဖျာထုတ်လုပ်ရေး လုပ်ငန်းဆောင်ရွက်နေမှု ကိုလည်းကောင်း၊ ရွှေညောင်တုန်း သမဝါယမအသင်း၏ လယ်ယာဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်နည်းပညာများ  ကူညီဆောင်ရွက် ပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်