နေပြည်တော် ဇန်နဝါရီ  ၂၄

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ဓာတ်အားပေးစက်ရုံဆိုင်ရာ အကျဉ်းချုပ်အချက်အလက်များ၊ နှစ်အလိုက် ရဲရွာတမံ ရေသိုလှောင်မှု အခြေအနေများ၊ နှစ်အလိုက် ဓာတ်အားထုတ်လုပ်နိုင်မှု အခြေအနေများ၊ ရဲရွာရေလှောင်တမံ နှစ်အလိုက် ရေဝင်ရောက်မှု အခြေအနေများ၊ ရေလှောင်တမံ ရေအမြင့်အလိုက် စက်တစ်လုံးထုတ်လုပ်နိုင်မှု စွမ်းအားများ၊ ဝန်ထမ်းအင်အားနှင့် ဝန်ထမ်းအိမ်ယာများ ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများ၊ ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်များ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း စက်အမှတ် (၄) အကြီးစား ပြုပြင်ခြင်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ မြစ်ငယ်မြစ်ပေါ်ရှိ ရေအားလျှပ်စစ် အရင်းအမြစ်များ၏ လျှပ်စစ်စီမံကိန်းများ၏ အခြေအနေများ၊ နမ္မတူ(သီပေါ) ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ အထက်ရဲရွာ စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ အလယ်ရဲရွာရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဒီးဒုတ်ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ၂၀၂၂ ခုနှစ် အတွင်း ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နေမှု အခြေအနေများနှင့် နှစ်အလိုက် ဓာတ်အားတိုးတက် သုံးစွဲမှုအခြေအနေများ၊ ဓာတ်အားလိုအပ်ချက်၊ ထုတ်လုပ်နိုင်မှုနှင့် ဝန်အားလျှော့ချ ရမည့်အခြေအနေများ၊ ဓာတ်အားလိုင်းများ ဖျက်ဆီးခံရမှုနှင့် ပြန်လည်ပြုပြင်နေမှု အခြေအနေများ၊ သဘာဝဓာတ်ငွေ့ဖြင့်လက်ရှိ ဓာတ်အားထုတ်လုပ်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေအားလျှပ်စစ်စီမံကိန်းသည် ရေရှည်ဆောင်ရွက်ရသည့် စီမံကိန်းများဖြစ်ကြောင်း၊ အထက်ရဲရွာနှင့် အလယ်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ဒီးဒုတ် ရေအားလျှပ်စစ် စီမံကိန်းကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုကြောင်း၊ LNG ဓာတ်ငွေ့များအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ကုန်ကျစရိတ်ကြီးမြင့်ကြောင်း၊ ထို့ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို ဦးစားပေးဆောင်ရွက်ရန် လိုကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများ ဆောင်ရွက်ရာတွင်လည်း ပြည်ပကုမ္ပဏီများကိုသာမက ပြည်တွင်းကုမ္ပဏီများမှလည်း ဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ရန် လိုကြောင်း။

 

“လျှပ်စစ်ဖြင့် လောကနိဗ္ဗာန်တည်ဆောက်ရန်” ဟု ယခင်က သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းသည် စီးပွားရေးအရ တွက်ခြေကိုက်ကြောင်း၊ လမ်းစဉ်ပါတီအစိုးရနှင့် တပ်မတော်အစိုးရလက်ထက်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီအစိုးရလက်ထက်တွင်လည်း ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း သဘာဝပတ်ဝန်းကျင်ကို အကြောင်းပြ၍ နိုင်ငံရေးအရ အသုံးချပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းများကို အခက်အခဲဖြစ်အောင် ဆောင်ရွက်ခဲ့မှုများရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားသည် မရှိမဖြစ် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများဆောင်ရွက်ရာတွင် ငွေကြေးကုန်ကျမှုများစွာဖြင့် အချိန်ကြာမြင့်စွာ တည်ဆောက်ရကြောင်း။

 

ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည်ကြီးမားပြီး ကုန်ကျစရိတ် တန်ဖိုးအား တိကျစွာတွက်ချက်နိုင်သော်လည်း ပြန်လည်ရရှိသော အကျိုးအမြတ်မှာ တန်ဖိုးဖြတ်၍မရအောင် အတိုင်းအတာကြီးမားကြောင်း၊ ယခုရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ စတင်လည်ပတ်ချိန်မှစ၍ ထွက်ရှိသော လျှပ်စစ်ယူနစ်များ၏ တန်ဖိုးကိုတွက်ချက်ပါက စက်ရုံတည်ဆောက်မှု ကုန်ကျစရိတ်အား ပြန်လည်ရရှိပြီးဖြစ်သည့်အပြင် ပြည်သူများ၏ လူမှုစီးပွားဘဝများအတွက် များစွာအထောက်အကူပြုပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသဖြင့် တန်ဖိုးဖြတ်၍ မရနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရန် အရင်းအမြစ် များစွာရှိကြောင်း၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းများ အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိမှုကြောင့် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများစွာရှိကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စီမံကိန်းများကိုလည်း လုပ်ငန်းများပြီး မြောက်အောင်မြင်စေရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရန် လိုအပ်သကဲ့သို့ လျှပ်စစ်ဓာတ် အားသုံးစွဲရာတွင်လည်း မလိုအပ်သည့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုများကို လျှော့ချရန်လိုကြောင်း၊ စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်ရန်အတွက် LED မီးကဲ့သို့သော မီးများပြောင်းလဲ အသုံးပြုရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်မှုပိုင်းတွင် တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန် လိုသကဲ့သို့ သုံးစွဲမှုအပိုင်းကိုလည်း တတ်နိုင်သမျှလျှော့ချရန် လိုကြောင်းဖြင့်မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ရဲရွာရေအားလျှပ်စစ်စီမံကိန်း ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ စက်ရုံမှူး ဦးခင်မောင်တင့်က လက်ခံရယူသည်။

 

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် ရဲရွာရေလှောင်တမံပေါ်သို့ သွားရောက်၍ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။

 

သတင်းစဉ်