နေပြည်တော် ဇန်နဝါရီ  ၂၄

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ဂေါပကဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။ ယင်းနောက် ရုပ်ရှင်တော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘုရားပရိဝုဏ်တော်အတွင်း လက်ယာရစ် လှည့်လည်ပူဇော်၍ ရေရှည်တည်တံ့ ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မဟာမုနိပိဋကတ်တိုက်တော်ကြီး ပြုပြင်မွမ်းမံနေမှု အခြေအနေများကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဘုရားပရိဝုဏ်တော်အတွင်းရှိ မြန်မာ့လက်မှု အနုပညာပစ္စည်းများပြခန်းနှင့် သမိုင်းပန်းချီပြခန်းတို့အတွင်း လှည့်လည်ကြည့်ရှု၍ ပြခန်းများအတွင်း ခင်းကျင်းပြသထားသည့် ပစ္စည်းများနှင့် ပန်းချီကားများသည် တန်ဖိုးဖြတ်၍မရသည့် သမိုင်းဝင်ပစ္စည်းများ၊ လက်ရာများဖြစ်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းထားရှိရန် လိုအပ်သည့် အခြေအနေများ၊ သမိုင်းအချက်အလက်များကို စနစ်တကျ မှတ်တမ်းတင် ပြုစုထားမှသာလျင် နောင်လာနောက်သားများ အလွယ်တကူ လေ့လာနိုင်ပြီး တန်ဖိုးထားနိုင်မည်ဖြစ်သဖြင့် ရှေးဟောင်းပစ္စည်းများ၏ အလှူရှင်များမှတဆင့် ခေတ်ကာလ အထောက်အထားများ၊ အချက်အလက်များကိုပြုစု၍ စနစ်တကျ မှတ်တမ်းတင် ထားရှိရန်လိုအပ်သည့် အခြေအနေများ၊ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရာတွင် မူလအမှတ်အသားနှင့် အထောက်အထားများ ပျောက်ပျက်မှုမရှိစေရေး ကျွမ်းကျင်ပညာရှင်များနှင့် ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်