နေပြည်တော် ဇန်နဝါရီ ၂၄

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ သံမဏိစက်ရုံစီမံကိန်းများ ဆောင်ရွက်ထားရှိမှု၊ သံနှင့်သံမဏိပစ္စည်းများ ပြည်ပမှ တင်သွင်းမှုနှင့် ပြည်တွင်း၌ထုတ်လုပ်နေမှု အခြေအနေများ၊ နှစ်အလိုက် သံနှင့်သံမဏိပစ္စည်းများ သုံးစွဲမှုလိုအပ်ချက်၊ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့်အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေလျာထား တောင်းခံမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း က မြင်းခြံ-သာစည်လမ်းပိုင်း၊ သာစည်-ရွှေညောင်လမ်းပိုင်း၊ ရွှေညောင်-တောင်ကြီး လမ်းပိုင်းနှင့် တောင်ကြီး-ဆိုက်ခေါင် လမ်းပိုင်းများတွင် လမ်းပိုင်းများအလိုက် ကွန်ကရစ် ဇလီဖားတုန်းများ လဲလှယ်ခြင်းနှင့် ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံအတွင်း သံရိုင်း၊ ကျောက်မီးသွေး၊ ထုံးကျောက်နှင့် ဒိုလိုမိုက်များ ထွက်ရှိမှုအခြေအနေများကို လည်းကောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ၂၃၀ ကေဗွီအေ မြင်းခြံသံမဏိစက်ရုံနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက မြန်မာစီးပွားရေး ကော်ပိုရေးရှင်း သံမဏိစက်ရုံများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။

 

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ပြည်တွင်းတွင် အသုံးအများဆုံး ဖြစ်သည့် Deformed Bar (သံချောင်းလုံး) များကို အဓိကလိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်တွင်း သံမဏိ လိုအပ်ချက်များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေး စီမံကိန်းများကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်၍လည်း စနစ်တကျဖြင့် စိစစ်သုံးစွဲရန်လိုကြောင်း၊ စက်ရုံများတွင် အသုံးပြုသည့် ပစ္စည်းများ ရာသီဥတုကြောင့် ပျက်စီးမှုမဖြစ်စေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် လိုကြောင်း၊ သံမဏိစက်ရုံ (မြင်းခြံ) အနေဖြင့် တည်ဆောက်နေဆဲ ကာလအတွင်း စက်ပစ္စည်းများ ၉၉ ဒသမ ၃၄ ရာခိုင်နှုန်းနှင့် ၉၅ ဒသမ၀၂ ရာခိုင်နှုန်း ရောက်ရှိပြီးဖြစ်သော်လည်း ဆက်လက်တည်ဆောက်မှု မပြုလုပ်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်၌ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် မိမိတို့နိုင်ငံအတွက် ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံး ခဲ့ရကြောင်း၊ ယနေ့ချေးငွေများအတွက် အရင်း၊ အတိုး ပေးဆပ်နေရကြောင်း၊ ရောက်ရှိပြီးဖြစ်သည့် စက်ရုံပစ္စည်း၊ စက်ပစ္စည်းများမှာ ပြင်ပတွင်ထားသိုရသဖြင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့ရာ ဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံး ပြန်လည်ထိန်းသိမ်းသွားရန်နှင့် မူလလည်ပတ်ပြီး ပြန်လည်ရပ်ဆိုင်းခဲ့ရသည့် သံမဏိစက်ရုံ အမှတ်(၁)အား အမြန်ပြန်လည်ပတ် နိုင်ရန်လိုကြောင်း၊ သံမဏိထုတ်လုပ်မှုလုပ်ငန်းသည်၊ မိမိတို့နိုင်ငံအတွက် အရေးကြီးလိုအပ်ချက်ပင် ဖြစ်ကြောင်း၊ စက်ရုံစီမံကိန်းများအား စနစ်တကျဖြင့် အပိုင်းလိုက် တည်ဆောက်၍ မှန်မှန်ကန်ကန်ဖြင့် မြန်မြန်ဆန်ဆန် ပြီးစီးစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်တွင် အိမ်ဆောက်လုပ်ရေး သံမဏိပစ္စည်းများမှာ များစွာလိုအပ်သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့်သာ မဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆောင်ရွက်လိုပါကလည်း စည်းကမ်းများနှင့်အညီခွင့်ပြု၍ ပြည်တွင်းသံမဏိ ထုတ်လုပ်မှုလုပ်ငန်းကို အားပေးမြှင့်တင်ပေးရန်လိုကြောင်း၊ မြင်းခြံသံမဏိစက်ရုံအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးနှင့်ကုန်ကြမ်း၊ ကုန်ချောများ သယ်ယူပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးတို့ကိုလည်း ထည့်သွင်း စဉ်းစားဆောင်ရွက်ရန်လိုကြောင်း။

 

ရထားလမ်းများအား ကွန်ကရစ်ဇလီဖားတုန်း လဲလှယ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် စနစ်တကျဖြင့် တည်ဆောက်ရန်လိုကြောင်း၊ ခရီးသွားများ အဆင်ပြေချောမွေ့စေရေးအတွက် လူစီးရထားများ ပြေးဆွဲသည့်လမ်းများကို ဦးစားပေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ ရထားတွဲများ ပိုမိုချိတ်ဆက်ပြေးဆွဲနိုင်ရေး ခေါင်းတွဲများစွမ်းရည် မြှင့်တင်နိုင်ရန်လိုကြောင်း၊ ရထားတွဲအရေအတွက် တိုးမြှင့်ချိတ်ဆွဲပြီး ခေါက်ရေလျှော့ချ ပြေးဆွဲနိုင်မည် ဆိုပါက ကုန်ကျစရိတ် သက်သာစေမည်ဖြစ်ကြောင်း၊ ရထားလမ်းများ ပြင်ဆင်ဖောက် လုပ်ရာတွင်လည်း စနစ်တကျဖြင့် တွက်ချက်စဉ်းစားဆောင်ရွက်ပြီး မလိုလားအပ်သည့် ငွေကြေးကုန်ကျမှုများမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဖို့မြေများဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခံ့စေရေးအတွက် အောက်ခြေခိုင်မာအောင် စနစ်တကျ ဖြင့် ဆောက်လုပ်ရန် လိုကြောင်း။

 

မိမိတို့နိုင်ငံတွင် သံမဏိထုတ်လုပ်ရန်အတွက် အခြေခံသံရိုင်း၊ ကျောက်မီးသွေးနှင့် ထုံးကျောက်များ ရှိှိပြီးဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် လိုအပ်သည့်ဆောက်လုပ်ရေး လုပ်ငန်းသုံးသံမဏိများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နိုင်ပါက ပြည်ပမှတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ဒေသစက်မှုလုပ်ငန်းများ ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် သံနှင့်သံမဏိပစ္စည်းဒေါ်လာ ၉၉၅ သန်းခန့် တင်သွင်းခဲ့ရသဖြင့် ပြည်တွင်းသံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းကို မြှင့်တင်၍ ပြည်ပမှတင်သွင်းမှုများကို လျှော့ချသွားရန်လိုကြောင်း။

 

ဆောက်လုပ်ရေးအတွက် သံမဏိများလိုအပ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကုန်ကြမ်းထွက်ရှိသည့် ဒေသများတွင် ဘိလပ်မြေ စက်ရုံများလည်း ထပ်မံတိုးချဲ့ တည်ဆောက်ရန် လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံအတွက် မဟာဗျူဟာဖြင့် စဉ်းစားဆောင်ရွက်ကြရန် လိုကြောင်းမှာကြားပြီး မြန်မာနိုင်ငံအတွက် သံနှင့်သံမဏိလုပ်ငန်း ပြန်လည်နိုးကြား တစ်ခေတ်ဆန်းလာစေရေးနှင့် မြန်မာ့စက်မှုလုပ်ငန်း ယခုထက် ပိုမိုတိုးတက်လာစေရေး မြင်းခြံသံမဏိစက်ရုံမှ အဓိကအင်အားစုအဖြစ် အားဖြည့်နိုင်ပါစေကြာင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် စက်ရုံဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် သံမဏိစက်ရုံအတွင်း သံရည်ကျိုအလုပ်ရုံ၊ Melt Shop 2 တို့အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ လက်ထောက်စက်ရုံမှူး ဦးစိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

 

သတင်းစဉ်

 

mdn