တီဟီရန် ဇန်နဝါရီ ၂၆
အီရန်နိုင်ငံသည် အမေရိကန်နှင့် တိုက်ရိုက်နျူကလီးယားဆွေးနွေး ပွဲပြုလုပ်ရန် စဉ်းစားလျက်ရှိသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်က အီရန်နှင့် တိုက်ရိုက်ဆွေးနွေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သော်လည်း ယခုအချိန်ထိ အီရန်နိုင်ငံဘက်က ပယ်ချခဲ့သည်။ အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်မည့်အစား ဥရောပသမဂ္ဂနှင့် အခြားသော အဖွဲ့အစည်းများ ကို ကြားခံ ထားကာသွယ်ဝိုက်သောဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။
အီရန်နှင့် အမေရိကန်တို့ အသွယ်ဝိုက်သောဆွေးနွေးပွဲမှာ မကြာမီ ပြီးမြောက်တော့မည် ဖြစ်သည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီး ဟူစိန်အမီရာအဗ္ဗလာအန်က တီဟီရန်မြို့တွင် ဒေသတွင်း မီဒီယာများကို ပြောသည်။
အကယ်၍ ယင်းသို့ဆွေးနွေးခြင်းဖြင့် ခိုင်မာသော သဘောတူညီမှုဆီ ဦးတည်လာနိုင်ပါက အီရန်သည် အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးမှု ပြုလုပ်ရန် ပြင်ဆင်မှုများ ပြုလုပ်သင့်ပြီဟုလည်း ၎င်းကဆက်ပြောသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တိုက်ရိုက် ဆွေးနွေးပွဲများပြုလုပ်ရန်တံခါးဖွင့် ထားဆဲဖြစ်သည်ဟု ပြောသည်။ တိုက်ရိုက် ဆွေးနွေးမှုများပြုလုပ်ရန် ပြင်ဆင်မှုများပြုလုပ်နေသည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ပြောသည်။
အီရန်နှင့် အင်အားကြီး ခြောက်နိုင်ငံကြား ပြုလုပ်ထားသည့် ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီမှုကို ရှေ့ဆက်နိုင် ရန်ဦးတည်၍ ဆွေးနွေးနေခြင်း ဖြစ်သည်။
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက် အဆိုပါ သဘောတူညီမှုမှ နုတ်ထွက်ပြီးနောက် အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့သည်။ အီရန် နိုင်ငံဘက်မှလည်း နျူကလီးယား အစီအစဉ်များကို ပြန်လည်စတင် ခဲ့ပြီး အရှိန်အဟုန်မြှင့်တင်ခဲ့သည်။
အင်န်အိတ်ချ်ကေ