နေပြည်တော်၊ ဇန်နဝါရီ ၂၇

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်တွင် “kaung Wai Yan ’’ အမည်ဖြင့် လူမှုကွန်ယက်စာမျက်နှာ၌ ဘဏ်အကောင့်အတွင်းရှိ ငွေနှင့် ငွေသား လဲလှယ်လိုကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသဖြင့် မရမ်းကုန်းမြို့နယ်၊ တော်ဝင်အိမ်ရာ၊ တိုက်(H) နေ ဦးအောင်ခန့်ဖြိုးနှင့် ဒေါ်မျိုးသန္တာညွန့်တို့ နှစ်ဦးသည် ငွေကျပ် ၅၉၅ သိန်းနှင့်အတူ YGN-3Q/9851 Swift အဖြူရောင်ယာဉ်ဖြင့် ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၌ ငွေသားလဲလှယ်မည့်သူများအား စောင့်ဆိုင်းနေစဉ် YGN-6D/6839 Mark-II အဖြူရောင်ယာဉ်ဖြင့် အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး ရောက်ရှိလာပြီး ၎င်းတို့ နှစ်ဦးအား လက်ထိပ်ခတ်ချုပ်နှောင်ကာ ၎င်းတို့၏ မော်တော်ယာဉ်အတွင်း ထည့်သွင်း၍ ငွေကျပ် ၅၉၅ သိန်းနှင့် ဒေါ်မျိုးသန္တာညွန့်၏ ပိုက်ဆံအိတ်အတွင်းမှ ငွေကျပ် ၃ သိန်း စုစုပေါင်း ငွေကျပ် ၅၉၈ သိန်းခန့်အား လုယက်ယူဆောင်ကာ  ၎င်းတို့ စီးနင်းလာသည့် ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

 

အထက်ပါဖြစ်စဉ်မှ လုယက်မှု ကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော မော်တော်ယာဉ်သည် ယာဉ်အမှတ်၊ YGN-6D/6839 အစား 9F/1553 အား ပြောင်းလဲတပ်ဆင်၍ အင်းလျားရိပ်သာလမ်းမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ထွက်ခွာသွားကြောင်း သိရှိရသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ဇန်နဝါရီလ ၂၄ ရက်တွင် ပြည်လမ်းမကြီး၊ စော်ဘွားကြီးကုန်း မီးပွိုင့်အနီး၌ ရွှေပြည်သာမြို့နယ်၊ (၃၄/၁၀) ရပ်ကွက်၊ ဖျာပုံလမ်းနေ ဝင်းမင်းသန်း (၄၇) နှစ်၊ (၂၅) ရပ်ကွက်၊ သာဓုကန် ဘုရားလမ်းနေ ချစ်စိုးဦး (၂၅) နှစ်၊ (၂၄) ရပ်ကွက်၊ ကန်ပတ်လမ်းနေ မင်းအောင် (ခ) တင်မင်းအောင် (၃၈) နှစ်နှင့် (၂၄) ရပ်ကွက်၊ ဇေယျသုခ (၁) လမ်းနေ စိုးဝေကျော် (ခ) စိုးစိုး (၂၈) နှစ်တို့ လေးဦးအား ပြစ်မှုကျူးလွန်ရာတွင် အသုံး ပြုခဲ့သည့် (လိုင်စင်မဲ့) မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ မင်းအောင် (ခ) တင်မင်းအောင် ၏ ထွက်ဆိုချက်အရ ၎င်း၏ နေအိမ်မှ VOLTY အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီးအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၂၄ ရက် ညနေပိုင်းတွင် ရွှေပြည်သာမြို့နယ်၊ (၂၄) ရပ်ကွက်၊ ဘုန်းကြီးကျောင်းလမ်းနေ ကိုထက် (ခ) ရဲထက် (၄၄) နှစ်နှင့် (၁) ရပ်ကွက်၊ (၄) လမ်းနေ ဝင်းမြင့်ထွန်း (ခ) အသေးလေး (၃၇) နှစ်တို့ နှစ် ဦး အား Kawasaki နှင့် Honda အမျိုးအစား မော်တော်ဆိုင်ကယ် နှစ်စီး၊ ငွေကျပ် ၁,၀၃၂,၀၀၀ နှင့်အတူ ရွှေပြည်သာမြို့နယ်၊ အမှတ်(၃၄/၁၀)ရပ်ကွက်၊ ပုလဲလမ်းရှိ ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်၌ လည်းကောင်း၊ အောင်ကျော်ဇော (ခ) ကိုအောင် (၄၄) နှစ် အား စိတ်ကြွရူးသွပ်ဆေးပြား (၆၀) ပြား၊ ငှက်ကြီးတောင် ဓား သုံးချောင်း၊ ငွေကျပ် ၅၉၅,၀၀၀၊ Honda Odyssey အမျိုးအစား (လိုင်စင်မဲ့) မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ (၃၄/၁၀) ရပ်ကွက်ရှိ ၎င်း၏ နေအိမ်၌လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (၄) ရပ်ကွက်၊ မလိခလမ်းနေ ကျော်သန်း (၃၆) နှစ်နှင့် ရွှေပြည်သာမြို့နယ်၊ (၆) ရပ်ကွက်၊ ချောင်းသာပတ်လမ်းနေ ရဲမင်းကို (ခ) ရဲကြီး (၃၃) နှစ်တို့ နှစ်ဦးအား ငွေ ၁၉,၅၀၀ ကျပ်၊ မော်တော်ဆိုင်ကယ် တစ်စီး၊ Pajero အမျိုးအစား (လိုင်စင်မဲ့)မော်တော်ယာဉ် တစ်စီးတို့နှင့် အတူ ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်း၊ Triple Three KTV ဆိုင်၌ လည်းကောင်း၊ အင်းစိန်မြို့နယ်၊ ဖော့ကန် ရပ်ကွက်၊ မြို့တော်ဂေါက်ကွင်းအိမ်ရာ၊ တိုက် (၁) နေ သက်ဦး (၃၄) နှစ်အား ငွေ ၄၅,၀၀၀ ကျပ်၊ JETOUR အမျိုးအစား မော်တော်ယာဉ် တစ်စီး တို့နှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊ အမှတ်(၃)လမ်း၊ Valentine KTV ဆိုင်၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်တွင် တရားခံ ကျား ၁၀ ဦးအား ငှက်ကြီးတောင်ဓား သုံးချောင်း၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၀၊  မော်တော်ဆိုင်ကယ် လေးစီး၊ မော်တော်ယာဉ် လေးစီး၊ ငွေစက္ကူ ရောရာ ၁,၆၉၁,၅၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၁၈ ရက်တွင် ရန်ကင်း မြို့နယ်၊ မင်းရဲကျော်စွာလမ်း၌ လုယက်မှု ကျူးလွန်ရာတွင် ကိုထက် (ခ) ရဲထက်၊ ဝင်းမြင့်ထွန်း (ခ) အသေးလေး၊ ရဲမင်းကို (ခ) ရဲကြီး၊ ဖမ်းဆီးရန်ကျန် ရွှန်းလဲ့တို့သည် တရားခံသက်ဦး မောင်းနှင်သည့် YGN-6D/6839 Mark-II အဖြူရောင် (လိုင်စင်မဲ့) ယာဉ်ပေါ်တွင်လည်းကောင်း၊ ကျော်သန်း၊ စိုးဝေကျော် နှင့် ချစ်စိုးဦးတို့သည် ဝင်းမင်းသန်း မောင်းနှင်သည့် YGN-7D/6457 Pajero ခဲရောင် (လိုင်စင်မဲ့) ယာဉ်ပေါ်တွင်လည်းကောင်း၊ ဖမ်းဆီးရန်ကျန် ကိုဖြိုး နှင့် ဖြိုးလေး တို့သည် မင်းအောင်(ခ) တင်မင်းအောင် မောင်းနှင်သည့် Vitz ခဲရောင်ယာဉ်ပေါ်တွင် လည်းကောင်း အသီးသီး လိုက်ပါလျက် လုယက်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် ကိုဖြိုး၊ ရခိုင်လေး၊ ဖြိုးလေး၊ ရွှန်းလဲ့တို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ဘဏ်အကောင့် အတွင်းရှိငွေနှင့် ငွေသားလဲလှယ်သူများအား လိမ်လည်ချိန်းဆို ခေါ်ယူကာ အုပ်စုဖွဲ့လုယက်မှု (၈) ကြိမ် ကျူးလွန်ခဲ့ကြောင်းနှင့် ကျူးလွန်ခဲ့မှုများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်း၌ ငွေကျပ် ၄၂၀ သိန်းအားလည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် အင်းစိန်မြို့နယ်၊ သံမဏိစက်ရုံလမ်း၌ ငွေကျပ် ၁၁၀ သိန်းအား လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်တွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ MCC ခန်းမအနီး၌ ငွေကျပ် ၄၇၀ သိန်းအား လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် မရမ်းကုန်းမြို့နယ်၊ သံသုမာလမ်း ၌ ငွေကျပ် ၅၆,၄၆၀,၀၀၀ သိန်းအား လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ပေါ်ဆန်းမွှေးလမ်း၌ ငွေကျပ် ၇၀၀ သိန်းအား လည်းကောင်း။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် မရမ်းကုန်းမြို့နယ်၊ ဥက္ကလာပ ဂေါက်ကွင်းအနီး ဂန္ဓမာလမ်း၌ ငွေကျပ် ၁၂၀ သိန်းအား လည်းကောင်း။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ မြို့သစ်၊ အမှတ်(၄)ရပ်ကွက်၊ စိန်စီ(၂)လမ်း၌ ငွေကျပ် ၆၀၀ သိန်းအား လည်းကောင်း။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်တွင် ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၌ ငွေကျပ် ၅၉၈ သိန်းအားလည်းကောင်း အသီးသီးလုယက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ သက်ဦး နှင့် ကျော်သန်းတို့သည် လူမှုကွန်ယက်စာမျက်နှာ မှတစ်ဆင့် ငွေလဲလှယ်မည့်သူများအား လိမ်လည်ချိတ်ဆက်ခေါ်ယူပေးခဲ့ပြီး ကျန်တရားခံများမှ ငွေလုယူသူများအဖြစ် လည်းကောင်း၊ စောင့်ကြည့်ပေးသူများအဖြစ်လည်းကောင်း ပြစ်မှုကျူးလွန်ခဲ့ကြကြောင်း ဖော်ထုတ် သိရှိရသည်။

 

အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများ အမြန်ဆုံးဖမ်းဆီးရမိရေး ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်။

 

သတင်းစဉ်