သီပေါ   ဇန်နဝါရီ    ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်လက်မှတ် ပေးအပ်ပွဲကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက  သစ်တောဦးစီးဌာန ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးဇမ်ဆွမ်းခိုင်က အမှာစကားပြောကြားပြီး ဒေသခံအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်ရရှိသော ခိုင်းလုံကျေးရွာ၊ နမ့်အွန်ကျေးရွာ၊ စံလောင်း ကျေးရွာများမှ တောင်သူ ကိုးဦးအား  ဒေသခံအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့် လက်မှတ်များ ပေးအပ်ရာ တောင်သူများက လက်ခံရယူကြသည်။

အဆိုပါ ဒေသခံအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခွင့်ရရှိသော တောင်သူများသည် တစ်ဧကလျှင် သစ်ပင် ၁၅၀ စိုက်ပျိုးရမည် ဖြစ်ကြောင်း၊ ကျန်နေရာများတွင် မိမိနှစ်သက်ရာ သီးနှံများကို စိုက်ပျိုးနိုင်သည့်အတွက် သစ်တောများ ဆက်လက်စိမ်းလန်းစိုပြည်နေမည့်အပြင် ဒေသခံတောင်သူများ အနေဖြင့် ထိုသစ်တော များအား နှစ် ၃၀ စိုက်ပျိုးခွင့် ရရှိသွားမည်ဖြစ်ကြောင်း၊ သစ်တောထွက် ပစ္စည်းများကိုလည်း သစ်တော ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချပိုင်ခွင့် ရရှိသွားမှာဖြစ်ကြောင်းနှင့် သစ်တောမြေများကို ရောင်းချပိုင်ခွင့် မရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ဒေသခံအစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်ခြင်းကို နိုင်ငံတော်က အားပေးသောလုပ်ငန်းစဉ် ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် သစ်တောဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ခင်လေး(ပြန်/ဆက်)