ကျိုက်ထို ဇန်နဝါရီ ၂၉
ကျိုက်ထိုမြို့နယ်တွင် ကျိုက်ထိုမြို့လုံးဆိုင်ရာ အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်လှစ်ပွဲကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက မြို့နယ်သာသနာ့ဗိမ္မာန်၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ပူဇော်ဖွင့်လှစ်ပြီး ဂူကျောင်းဆရာတော် ဘဒ္ဒန္တမဏ္ဍလက ရောင်ခြည်တော်ဖွဲ့ ဘုရားပင့်ဂါထာတော်အား ရွတ်ဆိုပူဇော်၍ နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တပဏ္ဍိစ္စ အောင်သပြေကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော် အရှင်သူမြတ်များထံမှ တက်ရောက် လာကြသူများက ပရိတ်တရားတော် နာယူ၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ အာစာရ မဟာမရမ်းချိုကျောင်းတိုက် ဆရာတော်က ဩဝါဒကထာ ချီးမြှင့်သည်။
ဆက်လက်၍ ပဋ္ဌာန်းတရားတော် နာယူရန် နတ်ဗြဟ္မာများကို စိန်ဘုံသာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇောတိက က ဖိတ်ကြားပြီး သံဃာတော်များနှင့်အတူ ကြွရောက်လာသည့် အလှူရှင်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်သံပြိုင်ရွတ်ဆိုခဲ့ကြသည်။
ထို့နောက် ပဋ္ဌာန်းပွဲ နှစ်စဉ်ကျင်းပနိုင်ရေးအတွက် အလှူရှင်များက ငွေပဒေသာပင်များ လှူဒါန်းကြပြီး မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)


