နေပြည်တော်   ဇန်နဝါရီ   ၂၉

 

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ အေးမြသာယာ ကျောင်းတိုက်တွင် တည်ထားကိုးကွယ်တော်မူသော ပြည်လုံးချမ်းသာ ကပ်ကျော်စေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင် မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက ကျင်းပရာ အေးမြသာယာ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက သက်တော်ရှည် ဆရာတော်ကြီး  ဘဒ္ဒန္တ ဇောတိက အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။

 

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အေးမြသာယာ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက သက်တော်ရှည် ဆရာတော်ကြီး  ဘဒ္ဒန္တ ဇောတိက က ဩဝါဒကထာ မြွက်ကြားကာ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက်ကြီး၏ ဦးစီးနာယက အဂ္ဂမဟာပန္တိတ၊ အဂ္ဂမဟာသဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇျ္စာယ်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

 

ဆက်လက်၍ အကျိုးတော်ဆောင်များနှင့် အလှူရှင်များမှ သံဃာတော် အရှင်သူမြတ်တို့ထံ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် အဆင့်ဆင့်တို့ကို ဆပ်ကပ်လှူဒါန်းကြကာ အလှူရှင်များက ပင့်သံဃာများအား လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက်ကြီး၏ ဦးစီးနာယက အဂ္ဂမဟာပန္တိတ၊ အဂ္ဂမဟာသဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိဆရာတော်ကြီးမှ အနုမောဒနာတရား ချီးမြှင့်ပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် အဆင့်ဆင့်တို့ကို လှည့်လည်အပူဇော်ခံပြီး ပင်မစေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်ပွဲ အစီအစဉ်ကို ဆက်လက်ကျင်းပရာ စေတီတော်မြတ်ကြီး၏ ပထမဘုံမကြီး၊ ဒုတိယ၊ တတိယ၊ စတုတ္ထဘုံအဆင့်များ၊ ပဉ္စမဘုံ၊ ဆဋ္ဌမဘုံ ဖောင်းလုံးများ၊ နယားဆွဲလည်း၊ ပန်းခိုင်၊ ဟင်္သာ၊ ငှက်မြတ်နားတော်တို့အား ပန်းရထားဖြင့် ပင့်ဆောင်ပူဇော်ကြသည်။

 

ထို့နောက် ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)