နေပြည်တော် ဇန်နဝါရီ  ၃၀

စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ကို ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စတင်ကျင်းပရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များနှင့် လူငယ်များ တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။

အဆိုပါပွဲတော်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာကဏ္ဍများအလိုက် ပြခန်းများဖြစ်သည့် စာအုပ်စာစောင်များနှင့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိပြခန်း၊ သမိုင်းဝင်စာချုပ်၊ စာတမ်းများနှင့် မှတ်တမ်းမှတ်ရာများ ပြခန်း၊ ရေကြောင်းပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်း၊ လေကြောင်း ပညာရပ်ဆိုင်ရာပြခန်း၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာအသိပညာပေးပြခန်း၊ ပန်းချီ၊ အနုပညာပြခန်း၊ ကိုဗစ် -၁၉ ကပ်ရောဂါဆိုင်ရာ အသိပညာပေး ပြခန်းနှင့် အားကစားလှုပ်ရှားဆောင်ရွက်မှုပြခန်း စသည်ဖြင့် ပြခန်းပေါင်း ၄၀ ကျော် ခင်းကျင်းပြသထားသည်။

ထို့ပြင် ကျောင်းသား ကျောင်းသူများနှင့် လူငယ်လူရွယ်များ အားကစားစိတ်ဓာတ်ရင့်သန်စေပြီး နိုင်ငံတော်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ လေ့ကျင့်နေမှုကိုလည်း လေ့လာနိုင်မည့် အစီအစဉ်တစ်ခုကိုထည့်သွင်းထားရာ စိတ်ပါဝင်စားစွာလေ့လာ ကြသည်ကို တွေ့မြင်ရသည်။

လေကြောင်းပညာရပ်ဆိုင်ရာပြခန်း ယခုနှစ် ပွဲတော်၌ ထူးထူးခြားခြားအဖြစ် မြန်မာနိုင်ငံ၏လူငယ်များ လေကြောင်းပညာရပ်ကို စိတ်ပါဝင်စားလာစေရန်နှင့် ခေတ်ပေါ်နည်း ပညာရပ်များ လေ့လာလိုက်စားပြီး နိုင်ငံတော်အတွက် အထောက်အကူ ပြုစေမည့်လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လေကြောင်းပညာရပ်ဆိုင်ရာပြခန်းကို ထည့်သွင်းထားပြီး ပြကွက်များ အနေဖြင့် လေကြောင်းသုတသမိုင်းအစပြကွက်၊ ကောင်းကင်ယံစစ်သမိုင်းသစ်ပြကွက်၊ သမိုင်းတွင်ကျန်ရစ် လေယာဉ်ရွှေခေတ်ပြကွက်၊ စိုးမိုးကောင်းကင် ဒုတိယစစ်ဝေဟင်ပြကွက်၊ စစ်ပြီးခေတ်ဆန်းသစ် ဝေဟင်ပြကွက်၊ လေကြောင်းစွမ်းအား ကမ္ဘာတစ်လွှားပြကွက်၊ မျိုးပေါင်းစုံစွာ လေယာဉ်ကမ္ဘာပြကွက်၊ လေကြောင်းသုတလေ့လာကြစို့ ပြကွက်၊ လူမဲ့လေယာဉ်ခေတ်ဝေဟင်ပြကွက်၊ ကိုယ်တိုင်ပျံသန်းမောင်းကာ စမ်းပြကွက်၊ ပျံသာပျံပါ ထက်အာကာပြကွက်တို့ကိုလည်း ခေတ်မီ ဆန်းသစ်စွာဖြင့် ထုတ်ဖော်ပြသထားရာ လူငယ်၊ လူရွယ်များ စိတ်အားထက်သန်စွာ ကြည့်ရှုလေ့လာကြသည်။

ထို့ပြင် စာအုပ်စာပေဖတ်ရှုလေ့လာရန် အားသန်ကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ကလေးငယ်များအတွက် လည်း စာပေဗိမာန်အရောင်းပြခန်း ဖွင့်လှစ်ထားပြီး စာပေဆုရစာအုပ်များ၊ ရသစာအုပ်များ၊ ဘဝအောင်မြင်ရေးစာအုပ်များ၊ ကျန်းမာရေးကဏ္ဍ စာအုပ်များ၊ ပညာရပ်ဆိုင်ရာ စာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊ အနုပညာစာအုပ်များ၊ ဆောင်းပါးများ၊ ရုပ်ပြစာအုပ်များ၊ စီးပွားရေး စီမံခန့်ခွဲမှုစာအုပ်များနှင့် သမိုင်းစာအုပ်များ ခင်းကျင်းပြသရောင်းချလျက်ရှိရာ စာပေဗဟုသုတများနှင့် စာပေအသိဉာဏ်များစွာရရှိစေမည့် ပြခန်းတစ်ခုဖြစ်သည့်အတွက် စာပေချစ်သူများဖြင့် စည်ကားလျက် ရှိသည်ကိုလည်း တွေ့မြင်ရသည်။

အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပွဲတော်ကြီးသို့ လာရောက်လေ့လာဆင်နွှဲကြသည့် လူငယ်များနှင့် ကလေးငယ်များပျော်ရွှင်စေရန်အတွက်လည်း စုပေါင်းဆော့ကစား ရသည့် ဂိမ်းများဖြစ်သော ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အိမ်ဆောက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် စကားပုံပြိုင်ပွဲများကိုလည်း ကိုဗစ် -၁၉ စည်းကမ်း ချက်များနှင့်အညီ ကန့်သတ်နေရာများအလိုက် ဆော့ကစားစေပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများလည်း ပေးအပ်ကြသည်။

ထိုသို့အသိပညာ ဗဟုသုတရရှိစေမည့် အစီအစဉ်ကောင်းများအပြင် စိတ်ပျော်ရွှင်ချမ်းမြေ့စေမည့် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၏ဖျော်ဖြေမှုများကြောင့်လည်း ပွဲတော်ကြီးကို ပို၍အသက်ဝင်စေခဲ့သည်။

ယခုအချိန်အခါသည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်ခြင်းကြောင့် ပွဲတော်သို့ လာရောက်ကြသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ပေးပြီးမှသာ ပွဲတော်အတွင်းသို့ ဝင်ရောက်ခွင့်ပြုသည့်အပြင် တစ်စုံတစ်ရာ ကျန်းမာရေးချို့ယွင်းမှု ဖြစ်ပေါ်ပါကလည်း အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များကိုလည်း ထည့်သွင်းထားကာ ပွဲတော်ဧရိယာအတွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ အသိပညာပေးဆိုင်းဘုတ်များ၊ ဗီနိုင်းများကိုလည်း နေရာအနှံ့ချိတ်ဆွဲဖော်ပြ ပေးထားသည်။

လူငယ်နှင့် စာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာမည့် ကလေးများနှင့် လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအခေါ် အယူအဆများ ထက်မြက်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများရရှိလာစေရန်၊ လူငယ်များ၏ တီထွင်ဖန်တီး လိုစိတ် ရင့်သန်လာစေရန်နှင့် စာပေဖတ်ရှုလေ့လာလိုစိတ် မြင့်မားလာစေရန်၊ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးအပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်မြှင့်တင်ပေးနိုင်ရန်နှင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာ စေရန်အတွက် အထောက်အကူပြုမည့် လူငယ်နှင့် စာပေပွဲတော်ကြီးကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ကျင်းပသွားမည်ဖြစ်သောကြောင့် အခွင့်အရေးကို လက်လွတ်မခံဘဲ မည်သူမဆို လွတ်လပ်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

သတင်း - မျိုးဆက်သစ်၊ ဓာတ်ပုံ - ကိုထိန်အေး