ရန်ကုန်၊ ဇန်နဝါရီ   ၃၀

 

ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ဧကရာဇ်ရပ်ကွက်၊ မြို့ရှောင်လမ်းပေါ်ရှိ ရတနာသီရိဈေး၌ ဈေးရုံသစ်များ တည်ဆောက်နေမှု၊ တည်ဆောက်ပြီးသည့် (၂) ထပ်ဈေးရုံသစ်တွင် သား/ငါး ဆိုင်ခန်းများ စနစ်တကျ ပြန်လည်နေရာချထားမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရောင်းဝယ်ဖောက်ကားနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများအား Mask များဝေငှကာ ကုန်တင်ကုန်ချ ယာဉ်များ ဝင်/ထွက်မှုလွယ်ကူအောင် စီမံဆောင်ရွက်ရန်၊ ဈေးသန့်ရှင်းရေးနှင့် ရေမြောင်းများမှ အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်း ရန်တို့ကို  မှာကြားသည်။

 

ထိုမှတဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံး ရုံးဝင်းအတွင်း ၁၅ တန် Liquid Oxygen Tank တပ်ဆင်ထားရှိမှုကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးအတွင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် စုဖွဲ့ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား သည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်-ပြည်လမ်းမပေါ်ရှိ ပျဉ်းမပင် ကပ်ကျော် ဆုတောင်းပြည့် ဘုရားအနီး ကတ္တရာကွန်ကရိ (AC) ထပ်ပိုးလွှာခင်းကျင်းနေမှုကို လည်းကောင်း၊ လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီး လူသွားစင်္ကြံ စက်ဘီးလမ်းဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ထားမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ပတ်လမ်းရှိ တေဇာဒီပကျွန်း၌ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှု၊ တေဇာဒီပကျွန်း ပန်းခြံဝင်ပေါက်အနီး စက်ဘီးရပ်နားရန် နေရာပြုလုပ်ထားရှိမှု၊  လူကူးတံတားနှင့် ကန်ရေပြင်အတွင်း ကျရောက်သည့် ရွက်ကြွေများနှင့် အမှိုက်များရှင်းလင်းနေမှု၊ လူကူးတံတားပေါ်မှ အညစ်အကြေးများ နေ့စဉ် ရေဆေးကြော သန့်စင်နေမှုနှင့် လူကူးသစ်သား တံတားဟောင်းကို ဖျက်သိမ်းပြီးစီး၍  ပြန်လည်ပြုပြင် ခင်းကျင်းနေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တံတားအား သတ်မှတ်ချိန်အတွင်း ကြံ့ခိုင်ကောင်းမွန်အောင် တည်ဆောက်ရေး မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်