နေပြည်တော်၊ ဇန်နဝါရီ ၃၁
သာစည်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ တောင်ကြီး-သာစည်သွားကားလမ်း၊ ကျွဲတပ်ဆုံပူးပေါင်းစစ်ဆေးရေးစခန်းတွင် တောင်ကြီးမှ သာစည်ဘက်သို့ ဝေဖြိုးကျော်(ခ)အငယ်လေး(၃၂)နှစ် မောင်းနှင်ပြီး ဆန်းဝင်း(၃၁)နှစ် လိုက်ပါလာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်နှင့် ဝဏ္ဏကျော်(ခ)ဒွေးငယ်(၂၇)နှစ် မောင်းနှင်လာသည့် FUSO ၆ ဘီး မော်တော် ယာဉ် ၂ စီးတို့အား သတင်းအရရှာဖွေရာ FUSO ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၇ သိန်း၊ FUSO ၆ ဘီးမော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈ သိန်း သိမ်းဆည်း ရမိခဲ့ပြီး စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၅ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(ရဲပြန်ကြား)