မော်လမြိုင်ကျွန်း   ဖေဖော်ဝါရီ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာ့တပ်မတော် ထောက်ခံပွဲကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက စိန်ပန်းပတ်လမ်း၊ သမ္မာသမ္ဗုဒ္ဓ မြို့ဦးစေတီဝင်းစုရပ်မှနေ၍ မြို့တွင်းလမ်းတစ်လျှောက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်မတော်ထောက်ခံပွဲတွင် ဦးခင်မောင်ကြည် အမှတ်(၁၂)ရပ်ကွက် ပြည်သူ့စစ်တပ်ခွဲမှူး ဦးဆောင်သည့်အဖွဲ့နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဦးဆောင်သည့်အဖွဲ့တို့ ပူးပေါင်းချီတက်၍ ပြည်သူ ၃၀၀ ခန့်က နိုင်ငံတော်သီချင်းအား သံပြိုင်ရွတ်ဆိုကာ နိုင်ငံတော်အလံ အလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သား ရဲဘော်အပေါင်းအား အလေးပြုခြင်း ဆောင်ရွက်ခဲ့ပြီး မြို့တွင်းလမ်း တစ်လျှောက် ကြွေးကြော်သံများ ကြွေးကြော်ကာ စီတန်းလှည့်လည်၍ ထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)