မြိတ် ဖေဖော်ဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ကြသည့် သံဃာတော်နှင့် သီလရှင်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုတော်ငွေ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်ကို ဖေဖော်ဝါရီ ၁ ရက်က မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။
အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ (၂၀၂၀)ပြည့်နှစ်တွင် မြိတ်ခရိုင် စာဖြေဌာနမှ အောင်မြင် ခဲ့ကြသည့် သံဃာတော်နှင့် သီလရှင်များမှာ သာသနဓဇဓမ္မာစရိယ ရှစ်ပါး၊ ပထမကြီးတန်း ၁၀ ပါး၊ ပထမလတ်တန်း ကိုးပါး၊ ပထမငယ်တန်း ၂၆ ပါး၊ အခြေပြုမူလတန်း ၃၉ ပါး အောင်မြင်တော်မူခဲ့ကြပြီး အောင်မြင်ခဲ့သည့် စာအောင်သံဃာတော်နှင့် သီလရှင် ၆၇ ပါးအား ဆရာတော်ကြီးများ၏ ဩဝါဒဖြင့် အောင်လက်မှတ်နှင့် ဆုတော်ငွေများအား ဆက်ကပ်လှူဒါန်းပြီးဖြစ်ကာ ကျန်ရှိသည့် ၂၅ ပါးအား စူဠဘွဲ့နှင်းသဘင်တွင် အောင်လက်မှတ်နှင့် ဆုတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ရှေးဦးစွာ စူဠဘွဲ့နှင်းသဘင်ကို ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များနှင့် ဧည့်ပရိသတ် အပေါင်းတို့က နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော် ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ လာသန လှည်းဘီးကျောင်းတိုက် ဆရာတော်ထံမှ ဧည့်ပရိသတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က သာသနာရေးဆိုင်ရာများ လျှောက် ထားပြီး ဆရာတော် သံဃာတော်များနှင့် စာအောင်ကျောင်းတိုက်ရှိ စာသင် စာချ ဆရာတော်နှင့် သီလရှင်များအား လှူဖွယ်ပစ္စည်းများနှင့် စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုတော်ငွေများကို ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တ ဝိမလ ကန်သာကျောင်းတိုက်ဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာယူကြ၍ ရေစက်သွန်းချ အမျှပေးဝေကြကာ စူဠဘွဲ့နှင်းသဘင်ကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
စူဠဘွဲ့နှင်းသဘင်အပြီးတွင် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ စာအောင် သံဃာတော်နှင့် သီလရှင်များအား ဗုဒ္ဓသာသနာ့ဗိမာန်မှ စေတီတော်ရင်ပြင်ပတ်လည်တွင် စေတနာရှင်၊ အလှူရှင်များ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
စာအောင် သံဃာတော်များနှင့် သီလရှင်များအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုငွေ ကျပ် ၃၅၁၀၀၀၀၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက စူဠဘွဲ့နှင်းသဘင်၌ လှူဒါန်း ကြသည့် လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် လှူဒါန်းကြသည့် လှူဖွယ်ပစ္စည်း စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၁၆၂,၆၂၁၀ဝ ရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး(ပြန်/ဆက်)


