မိုင်းယန်း ဖေဖော်ဝါရီ ၃

ရိုးရာဓလေ့ထိန်းသိမ်းနိုင်စေရန်နှင့် ရပ်ရွာစည်းလုံးချစ်ကြည်မှုရှိစေရန် ရည်ရွယ်၍ (၃၁)နှစ်မြောက် လားဟူတိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ပန်ဆောင်ကျေးရွာ၍ ကျင်းပခဲ့ကြောင်း သိရသည်။

“လားဟူတိုင်းရင်းသားလူမျိုးများဟာ ထင်းရှူးပင်များ အဖူးအညွှန့် ဖူးပွင့်ဝေဆာသည့် အချိန်ကာလဆို လားဟူနှစ်သစ်ကူး ရောက်ပြီလို့ ကျွန်တော်တို့မှတ်ယူကြတယ်။ နှစ်သစ်ကူးပွဲတော်ကို စုပေါင်းမကျင်းပနိုင်တဲ့ ကျေးရွာမှာဆိုရင် မိမိအိမ်မှာပဲ နှစ်သစ်ကူးပွဲ လုပ်ကြတယ်၊ နှစ်သစ်ကူးပွဲတော်မှာဆိုရင် မနက်အစောကြက်တွန်တာနဲ့ အိမ်တိုင်းအိမ်တိုင်း ရေတွင်းမှာ ရေသွားခပ်ကြတယ်၊ ရေနွေးကျိုတယ်၊ ကျိုထားတဲ့ရေနွေးကို သိပ်မအေးခင် ရပ်ရွာမှာရှိတဲ့ လူကြီးမိဘဆရာသမားများကို ရေဆေးကန်တော့ဂါရဝပြုပါတယ်။ မိမိတို့ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုး၍ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်စေဖို့ ရပ်ရွာစည်းလုံး ညီညွတ်မှုရရှိစေဖို့ ဆိုပြီးတော့ ပွဲတော်ကို ကျင်းပလာခဲ့တာဖြစ်တယ်” ဟု ပန်ဆောင်ကျေးရွာမှ ဦးလုဗေမှ ပြောသည်။ 

လားဟူရိုးရာနှစ်သစ်ကူးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ လားဟူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကာ လားဟူတိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းစဉ်လာနှင့်အညီ ရိုးရာအကပဒေသာများဖြင့် ကပြဖျော်ဖြေခြင်း၊ လားဟူရိုးရာ ရေဆေးကန်တော့ ဂါရဝပြုခြင်းနှင့် ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

အဆိုပါ ရိုးရာဓလေ့ စုပေါင်းနှစ်သစ်ကူးပွဲတော်သည် လားဟူတိုင်းရင်းသားလူမျိုးများ၏ အထွတ်အမြတ်ထားရာ ပွဲတော်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)