ဟိုပန် ဖေဖော်ဝါရီ ၃
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့ နယ်တွင် အလယ်တန်းအဆင့် မြို့နယ်ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲများတွင် ဟိုပန်မြို့နယ်အတွင်းရှိ အ.ထ.က(ဟိုပန်)၊ အ.ထ.က(ပန်လုံ)၊ အ.ထ.က(ခွဲ)ရွှေဝါ၊ အ.ထ.က(ခွဲ) ပန်ကောက်နှင့် အ.လ.က(ကောင်းကော်) ကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အလယ်တန်းအဆင့်၊ စာစီစာကုံးပြိုင်ပွဲတွင် "စည်းလုံးခြင်းသည်အင်အား တို့တိုင်းရင်းသားများ" ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၁၂)ဦး၊ မူလတန်းအဆင့်တွင် (၉)ဦး၊ ကဗျာပြိုင်ပွဲ(လယ်ဆင့်)တွင် "ပြည်ထောင်စုပွဲ တို့ဆင်နွှဲ" ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၁၁)ဦး၊ မူလတန်းအဆင့်တွင် (၁၀)ဦး၊ ပန်းချီပြိုင်ပွဲ(လယ်ဆင့်)တွင် (၁၂)ဦး၊ မူလတန်းအဆင့်တွင် (၉)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၆၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ကျောင်းသား/ကျောင်းသူများ အနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် အကြောင်းအရာ ဗဟုသုတများကို သိရှိနားလည်ကြစေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်နှင့် သရုပ်ဖော်စွမ်းရည်များ ရရှိကြစေရန်တို့ကို ရည်ရွယ်၍ မြို့နယ်အဆင့် ပြိုင်ပွဲများကို ကျင်းပပေးရခြင်း ဖြစ်ကြောင်း ဟိုပန်မြို့နယ် ပညာရေးမှူး ဦးဝင်းလှိုင် ထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)


